လာမယ့်ရာသီမှာ စီရော်နယ်လ်ဒိုနဲ့ နည်းပြဇီဒန်းတို့ ပြန်လည်လက်တွဲမှာလား?

.

(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ (၃)နှစ်ဆက် ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့သူ နည်းပြ ဇီဒန်းဟာ ဂျူဗင်တပ်စ်အသင်းမှာ စူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပြန်လည်ပူးပေါင်းနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဇီဒန်းဟာ မန်ယူအသင်းနည်းပြ ရာထူးအတွက် သတင်းများထွက်ပေါ်ခဲ့ပေမယ့်လည်း ၎င်းသတင်းများမှာ ကောလာဟလသာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ရာသီမှာ ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ဖို့ မျှော်လင့်နေတယ်လို့ စပိန်သတင်းစာ El Mundo အရ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်း နည်းပြဖြစ်သူ အယ်လီဂရီဟာ တူရင်မှာ ၄ ရာသီ ကိုင်တွယ်ခဲ့ပြီး အဆိုပါ ရာသီတစ်ရာသီတိုင်း စီးရီးအေ အမှတ်ပေးဖလားကို ရယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းဟာ ယခုရာသီကုန်မှာ လမ်းခွဲရန် စီစဉ်နေပါတယ်။

ဇီဒန်းဟာ ဂျူဗင်တပ်အသင်းမှာ ကစားသမားအဖြစ် ၁၉၉၆ မှ ၂၀၀၁ ခုနှစ်ထိ ၅ ရာသီ ကစားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ကစားသမားဟောင်းဟာ ရီးယဲလ်မက်ဒရစ်ဆီ စံချိန်တင်ကြေးနဲ့ ပြောင်းရွှေ့မသွားခင် အသင်းနဲ့ ဆုဖလား ၆ လုံး ဆွတ်ခူးခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ နည်းပြ ဇီဒန်းကိုင်တွယ်မှုအောက်မှာ ၁၁၄ ပွဲ ကစား၊ ၁၁၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂၈ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ရီးယဲလ်အသင်းကနေ စီရောနယ်လ်ဒိုကို ခေါ်ယူခဲ့ပြီးနောက် လာမယ့် ရာသီမှာ ရီးယဲလ်အသင်းနဲ့အတူ အောင်မြင်မှုများစွားရရှိခဲ့တဲ့ နည်းပြဖြစ်သူ ဇီဒန်းကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။

Ref; Goal.com