အဓမ္မလိင်ကျွန်လုပ်ခိုင်းခဲ့သောကြောင့် အီရတ်အမျိုးသမီးတစ်ဦးက အိုင်အက်စ် တပ်မှူးတစ်ဦးကို လက်စားခြေသတ်ဖြတ်ပစ်ခဲ့ဟုဆို

အဓမ္မလိင်ကျွန်လုပ်ခိုင်းခဲ့သောကြောင့် အီရတ်အမျိုးသမီးတစ်ဦးက အိုင်အက်စ် တပ်မှူးတစ်ဦးကို လက်စားခြေသတ်ဖြတ်ပစ်ခဲ့ဟုဆို

ဘဂ္ဂဒက်၊ စက်တင်ဘာ-၆ ။ ။ အီရတ်နိုင်ငံမြောက်ပိုင်း နီနီဗက်တွင် စစ်သွေးကြွများအတွက် လိင်ကျွန်အဖြစ် လုပ်ဆောင်ရန် အဓမ္မခိုင်းစေသောကြောင့် အီရတ်အမျိုးသမီးတစ်ဦးက အိုင်အက်စ်အကြမ်းဖက်အုပ်စုမှ အကြီးတန်းတပ်မှူးတစ်ဦးကို သတ်ဖြတ်ပစ်ခဲ့သည်ဟု ပရပ်စ်တီဗီသတင်းတစ်ရပ်အရ သိရှိရသည်။

မိုဆူးတွင်ရှိ ကာ့ဒ်ဒီမိုက်ကရတ်ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဆာအစ် မာမိုဇီနီ၏ အာရပ်ဘာသာ ဂြိုဟ်တုရုပ်သံ အယ်လ် ဆူမာရီးယားသို့ စက်တင်ဘာ ၆ရက်နေ့က ပြောကြားရာတွင် စစ်သွေးကြွများ ထိန်းချုပ်ထားသည့် မိုဆူး၏ အနောက်ဘက်ရှိ တယ် ရိုမန်ခရိုင်တွင် အီရတ်အမျိုးသမီက တိုက်ပွဲတွင်းအမည်ဝှက် အဘူ အာနက်စ်ဟု သိထားကြသည့် အကြမ်းဖက်သမားကို သတ်ဖြတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သူမအား သူ၏ ရဲဘော်ရဲဘက်များနှင့် လက်ထပ်ရန် အဓမ္မစည်းရုံးပြီးနောက် သုံးလအကြာတွင် အီရတ်အမျိုးသမီးက အိုင်အက်စ်စစ်သွေးကြွတပ်မှူးကို လက်စားခြေသည့်အနေဖြင့် သတ်ဖြတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု မာမိုဇီနီက ထပ်လောင်းပြောကြားခဲ့သည်။

အိုင်အက်စ်အကြမ်းဖက်သမားများက ခေါင်းဆောင် အဘူ ဘာခါ အယ်လ် ဘာဂါဒီ၏ အမိန့်အရ လိင်ကျွန်အဖြစ်အသုံးပြုရန်အတွက် အီရတ်နိုင်ငံသားမဟုတ်သည့် အမျိုးသမီးများကို ဘဂ္ဂဒက်မြို့တော်၏ မြောက်ဘက် ကီလိုမီတာ ၄၀၀အကွာတွင်ရှိသော မိုဆူးသို့ ခေါ်ဆောင်သွားခဲ့ပြီ နှစ်ရက်အကြာတွင် ဤသတင်းထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

သြဂုတ်လ ၁၅ရက်နေ့က အိုင်အက်စ်စစ်သွေးကြွများက အမျိုးသမီး ၁၅ဦးကို စစ်သွေးကြွများနှင့် လက်ထပ်ရန် ငြင်းဆန်သောကြောင့် သုတ်သင်ကွက်မျက်ပစ်ခဲ့ကြသည်။ အလားတူပင် ဇူလိုင်လနှောင်းပိုင်းကလည်း အကြမ်းဖက်သမားများက အမျိုးသမီး ၁၉ဦးကို မိုဆူးတွင်ပင် သတ်ဖြတ်ပစ်ခဲ့ကြသည်။ ဇူလိုင်လ ၁၈ရက်နေ့ကလည်း ဘဂ္ဂဒက် အနောက်ဘက် ၆၉ကီလိုမီတာအကွာရှိ ဖာလူဂျာအရပ်သူ အမျိုးသမီး ၇ယောက်ကို အိုင်အက်စ် အကြမ်းဖက်သမားများက အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly