တအာင်း(ပလောင်)ကို လူသားစားမျိုးနွယ်ဟု စွပ်စွဲသူကို ပြင်းထန်စွာ အရေးယူရန် သမ္မတထံ တိုင်ကြား

.

နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ မက်မွန်လောင်းကျေးရွာဒေသခံများက ရိုးရာဝတ်စုံများကို ဝတ်ဆင်ကာ ရိုးရာဓလေ့အရ လူပျို၊ အပျိုလှည့်နေသည့် မြင်ကွင်း (ဓာတ်ပုံ- မိုင်းအနိုင်)

နေပြည်တော်(ဩဂုတ် ၂၃ရက်၊ ၂၀၁၈ခုနှစ်)။ ။ တအာင်း(ပလောင်)မျိုးနွယ်စုကို လူသားစားမျိုးနွယ်ဟု စွပ်စွဲပြောကြားပြီး လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင် ဗီဒီယိုဖိုင်ဖြင့် Live လွှင့်ခဲ့သည့် အကောင့်ပိုင်ရှင်အား တည်ဆဲဥပဒေများဖြင့် ပြင်းပြင်းထန်ထန် အရေးယူပေးရန် သမ္မတနှင့် လွှတ်တော်ဥက္ကဌများအပါအဝင် သက်ဆိုင်ရာဌာနများသို့ ယနေ့ တိုင်ကြားလိုက်ကြောင်း မန်တုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းမိုးက ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့နယ်ခွဲ၊ မက်မွန်လောင်း ကျေးရွာရှိ တအာင်း(ပလောင်)တိုင်းရင်းသားတချို့ လမ်းမပေါ် ညဘက်သွားလာနေသည်ကို Yuri Miko အမည်ဖြင့် ဖေ့စ်ဘွတ်သုံးစွဲသူ အမျိုးသမီးတဦးက ဖုန်းကင်မရာဖြင့် ရိုက်ကူးကာ သရဲ၊ သဘက်၊ ကြတ် စသဖြင့် လူသားစားသည့် မျိုးနွယ်စုဟု ပြောကြား၍ ဩဂုတ် ၁၈ရက်ညပိုင်းက လူမှုကွန်ယက်တွင် Live လွှင့်ခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်မှာ တအာင်း(ပလောင်)လူမျိုးများ၏ ရိုးရာဓလေ့အရ  လပြည့်၊ လကွယ်ညများတွင် ရိုးရာဝတ်စုံ အပြည့်ဝတ်ကာ လူပျို၊ အပျို လှည့်ခြင်းဖြစ်ကြောင်း၊ ရည်ရွယ်ချက်ရှိရှိ စွပ်စွဲပြောဆိုခြင်းကြောင့် သည်းခံခွင့်လွတ်၍ မရကြောင်းနှင့် တည်ဆဲဥပဒေများဖြင့် အရေးယူမှ ကျေနပ်နိုင်မည်ဖြစ်ကြောင်း ဒေါ်နန်းမိုးက ပြောသည်။

“သူတစ်ဦးတစ်ယောက်ကြောင့် အမတို့ လူမျိုးထုတခုလုံးကို ဂယက်ရိုက်စေသွားတဲ့ ဒီလိုလုပ်ရပ်မျိုးကို သည်းခံစရာအကြောင်းလည်း မရှိသလို ခွင့်လွတ်စရာ အကြောင်းလည်း မရှိဘူး” ဟု ၎င်းက ဆိုသည်။

တိုင်ကြားစာကို သမ္မတ ဦးဝင်းမြင့်၊ လွှတ်တော်ဥက္ကဋ္ဌများ အပြင် တိုင်းရင်းသားရေးရာလူမျိုးများဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ကိုပါ ပေးပို့ တင်ပြထားသည်။

ဒေါ်နန်းမိုးက “အမတို့ အနေနဲ့တော့ သည်းခံခွင့်လွတ်စရာ အကြောင်း မရှိဘူး။ အမက ဥက္ကဌကိုလည်း ပြောတယ်။ ဝန်ကြီးကိုလည်း ပြောတယ်။ ဝန်ချတောင်းပန်ရုံနဲ့ အမတို့ လုံးဝ မကျေနပ်နိုင်ဘူး။ သူ့ကို တည်ဆဲဥပဒေအရ အရေးယူမှပဲ အမတို့ ကျေနပ်မယ်။ ကျန်တဲ့ လူတွေ ကျေနပ်မယ်။ မကျေနပ်ဘူး ဆိုတာထက် အမအနေနဲ့ ဒီကိစ္စကို လုံးဝ မကျေနပ်ဘူး” ဟု ယနေ့ လွှတ်တော်အစည်းအဝေး ခေတ္တနားချိန် မီဒီယာများကို ပြောသည်။

အဆိုပါ အကောင့်ပိုင်ရှင် အမျိုးသမီးအနေဖြင့် ဝန်ချတောင်းပန်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိပါက တည်ဆဲဥပဒေအရ ဖြေရှင်းမည်ဖြစ်ကြောင်း တအာင်း(ပလောင်)တိုင်းရင်းသားရေးရာ အရပ်ဘက် အဖွဲ့အစည်း (၁၉)ဖွဲ့က ကြေငြာချက် ထုတ်ပြန်ထားသည်။

ယင်းအကောင့်ပိုင်ရှင် လွှင့်တင်ထားသည့် အဆိုပါ ရုပ်သံဖိုင်ကို ပြန်လည်ဖြန့်ဝေသူများစွာ ရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို မလေ့လာဘဲ လက်လွတ်စပယ် ပြန်လည်ဖြန့်ဝေမှုများ လုပ်ဆောင်နေမှုသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပါ ထိခိုက်လာနိုင်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်းလည်း အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းဗီဒီယိုဖိုင်တွင် မြင်တွေ့ကြရသည့် လူမျိုးစုသည် မြန်မာနိုင်ငံအတွင်းရှိ တအာင်းမျိုးနွယ်စုဝင် ရူစိင်းအနွယ်များ ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်၊ မက်မွန်လောင်းကျေးရွာ၊ ဆိုင်မွန်ကျေးရွာနှင့် ကုန်ပေါင်းကျေးရွာတို့တွင် နေထိုင်ကြပြီး ၎င်းကျေးရွာတွင် ဘိုးဘွားစဉ်ဆက်ကတည်းက ကျင့်သုံးလာသည့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းသောအားဖြင့် ယခုချိန်ထိ အမျိုးသားအားလုံးသည် ဆံပင်ရှည်ထားကြပြီး ကျားမမရွေး အရွယ်ရောက်သူတိုင်း အရှေ့သွားကို ရွှေကွပ်ထားကြသည့်အပြင် တအာင်း ရိုးရာဝတ်စုံ တစ်ခုတည်းကိုသာ ဝတ်ဆင်ကြသည့်အတွက် အခြားသော တအာင်းကျေးရွာများနှင့် ကွဲပြားနေခြင်းဖြစ်သည်ဟုလည်း တအာင်းလူမှုအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု သတင်းရေးသားနေချိန်တွင် အဆိုပါ ရုပ်/သံဖိုင်ကို Yuri Miko ၏ ဖေ့စ်ဘွတ်အကောင့်တွင် မတွေ့ရတော့ပေ။

နမ့်စန်မြို့နယ်လုံးဆိုင်ရာ တအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ တာဂူထွန်းအောင်က “ဒီကိစ္စတော့ ကျနော်တို့ တအာင်းတွေ အားလုံး ထိခိုက်ပါတယ်။ ဝမ်းနည်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ လူမျိုးရဲ့ ဂုဏ်သိက္ခာရယ်၊ နောက်ပြီးတော့ ကျနော်တို့ မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာရယ်ကို စွပ်စွဲတဲ့ သဘောမျိုး” ဟု မှတ်ချက်ပြုသည်။

တာဂွန်ထွန်းအောင်ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းချိန်တွင် ၎င်းအနေဖြင့် မက်မွန်လောင်းကျေးရွာသို့ ရောက်ရှိနေပြီး ရွာသားများ၏ ဆန္ဒ၊ တအာင်းလူထုအားလုံး၏ သဘောထားများကို ပြန်လည်ညှိနှိုင်းရမည်ဖြစ်ပြီး လက်ရှိအချိန်တွင် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို မဆုံးဖြတ်ရသေးဟု ဆိုသည်။