မင်္ဂလာတောင်ညွန့် လေထိုးကျွတ်ဖာဆိုင် လူသတ်မှု တရားခံမမိသေး

.

ဓာတ်ပုံ-သူရ
 

ရန်ကုန်   သြဂုတ်  ၂၃ ။          ။ သြဂုတ်လ ၂၂ ရက်နေ့ ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက် ABC မှတ်တိုင်အနီးရှိ ကိုချစ် လေထိုးကျွတ်ဖာဆိုင်နေအိမ်အတွင်း အမျိုးသမီးတစ်ဦးသေဆုံးမှုတွင် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိ သေးကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့ထံ မှ သိရသည်။

သေဆုံးသူသည် အသက် ၆၃နှစ် အရွယ်ရှိ ဒေါ်ခါတွန် ဆိုသူဖြစ်ပြီး သြဂုတ်လ ၂၂ နေ့ ည ၁၀ နာရီဝန်းကျင်က အဆိုပါလေထိုးကျွတ်ဖာဆိုင်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူ ဒေါ်ခါတွန် ၏သားမက်ဖြစ်သူ ဦးဂျပိုးက မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲစခန်းတွင် တရားလိုအဖြစ် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

တိုင်းတန်းချက်အရ ဖြစ်စဉ်မှာ ဒေါ်ခါတွန်၏ သားမက်ဖြစ်သူ ဦးဂျပိုးသည် ည ၇ နာရီ ဝန်းကျင်က ကိုချစ်လေထိုးကျွတ်ဖာလုပ်ငန်းဆိုင် နေအိမ်သို့ ပြန်လာစဉ် နေအိမ်ဆိုင်တံခါးပိတ်ထားသည်ကို တွေ့ခဲ့ ရသည့်အတွက် တူဖြစ်သူ ရာစင်နှင့် ခဲအိုဖြစ်သူ နေသူရတို့ကိုခေါ်ကာ ကြည့်ရှုခဲ့ကြောင်း၊ နေအိမ်ဆိုင်ခန်း အရှေ့ဘက်မှာ မီးမလင်းဘဲ အနောက်ဘက်မီးလင်းနေသည့်အတွက် ၀င်ရောက်ကြည့်ရှုရာတွင် ယောက္ခမ ဖြစ်သူ ဒေါ်ခါတွန်မှာ အ၀တ်ဗလာဖြင့် နဖူးနှာတံပိန်ချိုင့် စုတ်ပြဲဒဏ်ရာ၊ ယာလက်ဖျံစုတ်ပြဲ သွေးထွက် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို   မြင်တွေ့ရကြောင်း ဖော်ပြထားသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူတရားခံကိုစုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းထားပြီး မင်္ဂလာ တောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။