Google အချက်အလက်အရ ၂၀၁၈ ခုနှစ်မှာ ထင်ပေါ်ကျော်ကြားဆုံးအသင်း ရီးယဲလ်မက်ဒရစ်ဖြစ်

.

ရီးယဲလ်မက်ဒရစ်အသင်းဟာ ၂၀၁၈ ခုနှစ် တစ်နှစ်တာအတွက် ကမ္ဘာအနှံ့ အင်တာနက်ပေါ်မှာ ရှာဖွေမှု အများဆုံးအသင်းဖြစ်တယ်လို့ Google က ဖော်ပြတဲ့ အချက်အလက်ပေါ်အခြေခံပြီး လေ့လာမှုအရ သိရပါတယ်။

ဥရောပချန်ပီယံ ရီးယဲလ်အသင်းဟာ ကမ္ဘာ့တိုက်ကြီးများရဲ့ အများစု (ဥရောပ၊ အာရှ၊ အာဖရိကနဲ့ အမေရိကတိုက်)ရှိ စုစုပေါင်း ၉၇ နိုင်ငံမှာ ရှာဖွေမှု အများဆုံးအရေအတွက်ပိုင်းမှာ ဦးဆောင်နေပြီး ဥရောပတိုက်မှာဆိုရင်တော့ ဆွစ်ဇာလန်၊ ရုရှား၊ ဆားဘီးယားနဲ့ ခရိုအေးရှားတို့လို နိုင်ငံများမှာလည်း အထင်ပေါ်ဆုံးဖြစ်ပါတယ်။

မကြာသေးခင်က ကလပ်အသင်းကနေ ထွက်ခွာသွား စီရော်နယ်လ်ဒိုရဲ့ ခေါင်းကြီးသတင်းတွေနဲ့ နောက်ဆုံး ၅ နှစ်မှာ ချန်ပီယံလိဂ် ၄ ကြိမ်အထိ အောင်မြင်မှုတွေကြောင့် အင်တာနက် ရှာဖွေရေးအင်ဂျင် Google မှာ ရှာဖွေလာကြတာပါ။

ရီးယဲလ်အသင်းဟာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့မှာလည်း ပရိသတ် ရှာဖွေမှု အများဆုံး အမည်ဖြစ်သလို တောင်အမေရိကနိုင်ငံတွေဖြစ်တဲ့ ကိုလံဘီယာ၊ ပီရူး၊ ချီလီ၊ ဘိုလီးဗီးယားနဲ့ ပါရာဂွေးနိုင်ငံတွေမှာလည်း ရှာဖွေမှု အများဆုံးဖြစ်ခဲ့ပါတယ်။ မက်ဒရစ်အသင်းဟာ အာရှတိုက်မှာလည်း စိတ်ဝင်စားမှု မြင့်မားနေပါတယ်။

ရီးယဲလ်အသင်းရဲ့ နောက်မှာတော့ လီဗာပူးလ်၊ မန်ချက်စတာစီးတီး၊ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တာတို့ဟာ အစဉ်လိုက် ရပ်တည်နေခဲ့ကြပါတယ်။

Ref; AS