မက်ဆီရဲ့ အာဂျင်တီးနားလက်ရွေးစင် အနာဂတ်နဲ့ပတ်သက်လို့ မရေမရာကြောင်း နည်းပြ စကာလိုနီ ပြော

.

(ဓာတ်ပုံ - အီးပီအေ)

အာဂျင်တီးနားအသင်းရဲ့ ယာယီနည်းပြ စကာလိုနီက မက်ဆီရဲ့ လက်ရွေးစင် အနာဂတ်နဲ့ပတ်သက်လို့ ကြယ်ပွင့်ကစားသမားနဲ့ ဆွေးနွေးပြောဆိုခြင်း မရှိကြောင်း၊ လာမယ့် နိုင်ငံပွဲစဉ်တွေမှာ လူငယ်ကစားသမားတွေကို ခေါ်ယူအသုံးပြုသွားမယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

အသက် ၃၁ နှစ်ရှိ မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ကျဆုံးခဲ့ခြင်းကြောင့် လက်ရွေးစင်ကစားသမားဘဝကို စိတ်ပျက်နေပြီး အသင်းနည်းပြဖြစ်လာမယ့်သူကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

“သူ့ရဲ့ အကြောင်းကို ပြောပြဖို့ အားလုံးပဲ ကျနော်ကို စောင့်ဆိုင်းနေကြမယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် အတိအကျတစ်ခုကိုတော့ ပြောပါမယ်။ ကျနော်တို့ ချက်တင်မှာ စကားပြောဆိုခဲ့တယ်။ အဲဒီနောက် သူဒီခြေစမ်းပွဲတွေမှာ အသင်းနဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ ကျနော်တို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။”လို့ ယာယီနည်းပြ စကာလိုနီက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းဟာ နိုင်ငံတကာခြေစမ်းပွဲအတွက် လော့စ်အိန်ဂျယ်လိစ်မှာ ဂွာတီမာလာအသင်းနဲ့ စက်တင်ဘာ ၇ ရက်၊ နယူးယောက်မြို့မှာ ကိုလံဘီယာအသင်းတို့နဲ့ စက်တင်ဘာ ၁၁ ရက်တို့မှာ ကစားသွားမှာဖြစ်ပြီး အသင်းရဲ့ လူစာရင်းမှာ မက်ဆီ ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

“မက်ဆီသာ မပါရင် ကမ္ဘာမှာ ဘယ်နည်းပြအတွက် ပိုကောင်းစရာ ဖြစ်မလာနိုင်ပါဘူး။ ကျနော်အနေနဲ့ လီယိုကို ဘာစီလိုနာမှာ နေပါ၊ လက်ရွေးစင်အသင်းဆီ မလာပါနဲ့လို့ ပြောရင် ဒါက အလွန်မဆင်မခြင်ပြုရာ ကျပါလိမ့်မယ်။

“ကျနော်တို့ သူရဲ့ အနာဂတ်နဲ့ပတ်သက်လို့တော့ ပြောဆိုမှု မရှိခဲ့ပါဘူး။ ကျနော်တို့အတွက် သူဘာတွေ လုပ်ဆောင်ပေးခဲ့တယ်ဆိုတာ အားလုံး သိပြီးသားပါ။ ကျနော်မှာ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်တို့ သိရပါလိမ့်မယ်။လို့ သူက ပြောပါတယ်။

မန်ချက်စတာစီးတီးရဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ အဂွဲရိုးနဲ့ နောက်ခံလူ အော့ဒါမန်ဒီ၊ ဒီမာရီယာ၊ ဟီဂူအင်းလို စီနီကစားသမားတွေဟာ လာမယ့်စက်တင်ဘာအတွင်း ခြေစမ်းပွဲစဉ်များကို ပါဝင်ကစားပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါပေမယ့် စကာလိုနီက သူတို့ဟာ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းဖို့ ငြင်းဆိုခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုပြီး သူတို့ကို အနားပေးကာ လူငယ်ကစားတွေရဲ့ အစွမ်းအစတွေကို ပြသခွင့်ပေးသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့တပတ်က မက်ဆီဟာ လာမယ့် ခြေစမ်းပွဲ ပွဲစဉ်တွေကို အာဂျင်တီးနားအသင်းအတွက် ကစားပေးမှာ မဟုတ်ကြောင်းနှင့် လက်ရွေးစင်အသင်းမှ ခဏအနားယူသွားမယ်လို့ ပြောဆိုထားပါတယ်။
 
မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းမှ ၂၀၁၆ ခုနှစ်၊ ဇွန်လကလည်း အနားယူခဲ့ဖူးပြီး အာဂျင်တီးနား သမ္မတနဲ့ ပရိသတ်များရဲ့ တောင်းဆိုမှုကြောင့် နောက် (၂)လအကြာမှာ ပြန်ကစားပေးခဲ့ပါတယ်။

Ref; The Sun, EFE-EPA