၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဂျူဗင်တပ်စ်ကွင်းလယ်လူ ယာနစ်

.

(ဓာတ်ပုံ - အီးပီအေ)

ဂျူဗင်တပ်စ်ကွင်းလယ်လူ ယာနစ်ဟာ ၎င်းရဲ့ စာချုပ်ကို ၂ နှစ်သက်တမ်းတိုးခဲ့ပြီး သူဟာ စီးရီးအေချန်ပီယံအသင်းနှင့်အတူ ၂၀၂၃ ခုနှစ်အထိ ရှိနေမှာဖြစ်တယ်လို့ အီတလီကလပ်က အင်္ဂါနေ့က အတည်ပြုခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားလက်ရွေးစင်ဟာ စနေနေ့က ချီယေဗိုအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ တတိယရာသီကို စတင်ခဲ့ပါတယ်။

ယာနစ်ဟာ ၂၀၁၆ ခုနှစ်၊ ဇွန်လက ရိုးမားအသင်းကနေ ယူရို (၃၂)သန်းနဲ့ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့လာခဲ့သူပါ။

ကွင်းလယ်လူ ယာနစ်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ (၉၂) ပွဲမှာ (၁၅) ဂိုး သွင်းယူခဲ့ပြီး အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆု (၂)ကြိမ်နှင့် ကိုပါအီတာလီယာဖလား (၂)ကြိမ် ရရှိထားပါတယ်။

သူဟာ ပြီးခဲ့တဲ့ (၂)ရာသီအတွင်း ဂျူဗင်တပ်စ်အသင်းမှာ ဂိုးဖန်တီးမှု (၁၇)ကြိမ်နဲ့ အခွင့်အရေးဖန်တီးမှု (၁၂၀) ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ယာနစ်ဟာ ဒီစာချုပ်သစ်အရ တစ်နှစ်လစာ ယူရို (၆.၅)သန်းအထိ ရရှိမှာဖြစ်တာကြောင့် ဂျူဗင်တပ်စ်အသင်းမှာ စီရော်နယ်လ်ဒို၊ ဒီဘားလားတို့ပြီးနောက် လစာအများဆုံးရ ကစားသမားဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

Ref; EFE-EPA

Tags: