၂၀၁၈ UEFA ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဆုကို ဒေးဗစ်ဘက်ခမ်း ဆွတ်ခူး

.

(ဓာတ်ပုံ - အီးပီအေ)

ဂန္ထဝင်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းကို ၂၀၁၈ ခုနှစ်အတွက် UEFA ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဆု ချီးမြှင့်ပေးအပ်လိုက်တယ်လို့ အဖွဲ့ချုပ်က အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ်ရှိ ဘက်ခမ်းဟာ ဘောလုံးလောကကို ကူညီထောက်ပံပေးမှုအပြင် လူသားချင်းဆိုင်ရာ အကူအညီပေးဖို့ ကြိုးပမ်းမှုတွေကြောင့် အသိမှတ်ပြုခံရတာဖြစ်ပါတယ်။

“ဘက်ခမ်းဟာ သူ့ရဲ့ မျိုးဆက်မှာ စစ်မှန်တဲ့ အိုင်ကွန် ဘောလုံးသမားတစ်ဦးဖြစ်ပါတယ်။” လို့ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Aleksander Ceferin က ပြောပါတယ်။

“ကျနော်ဟာ ဒီနှစ်အတွက် ဥက္ကဋ္ဌဆိုကို ပေးအပ်ချီးမြှင့်ဖို့ ဒေးဗစ်ဘက်ခမ်းကို ရွေးချယ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ဘောလုံးလောကအတွက် ကမ္ဘာ့သံတမန်လည်းဖြစ် လူသားချင်းဆိုင်ရာ အကူအညီပေးဖို့ ကြိုးပမ်းနေသူတစ်ဦးလည်းဖြစ်တာကြောင့်ပါ။”လို့ သူက ဆိုပါတယ်။

ဒီဆုဟာ “ထူးချွန်အောင်မြင်မှုတွေ၊ ပရိုဖက်ရှင်နယ် ထူးချွန်မှုနဲ့ ပုဂ္ဂိုလ်ရေးစံပြ အရေးအသွေးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာဖြစ်တယ်။”လို့ ဥက္ကဋ္ဌက ပြောပါတယ်။

ဘက်ခမ်းဟာ ၁၉၉၈ ခုနှစ်က စတင်ချီးမြှင့်ခဲတဲ့ အဆိုပါဆုကို အခုနှစ်နှောင်းပိုင်းမှာ မိုနာကိုမြို့မှာ လက်ခံရယူမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဆုကို ရိုမားအသင်းခေါင်းဆောင်ဟောင်း တော့တီက ရရှိခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဘက်ခမ်းဟာ မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အခြားအသင်းများမှာ ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ကစားခဲ့ပြီး နိုင်ငံအသင်းနဲ့ ကလပ်အများမှာ ပွဲပေါင်း ၇၆၂ ပွဲကစားကာ ၁၃၀ ဂိုး သွင်းယူခဲ့ပါတယ်။

ဘက်ခမ်းဟာ ၂၀၁၃ ခုနှစ်မှာ ဘောလုံးကစားခြင်းမှ အနားယူခဲ့ပြီးနောက် ၂ နှစ်အကြာမှာ သူဟာ "7: The David Beckham UNICEF Fund" လို့ခေါ်တဲ့ ကိုယ်ပိုင်ဖောင်ဒေးရှင်းကို စတင်ခဲ့ပါတယ်။

Ref; EFE-EPA