စီရော်နယ်လ်ဒိုရဲ့ ဂျူဗီတပ်စ်အဖွင့်ပွဲစဉ်ကို အီတလီမှာ ရုပ်သံကြည့်ရှုသူ ပရိသတ် ၂.၃ သန်းအထိ ရှိ၊ Sky Italia ရဲ့ သမိုင်းမှာ စတုတ္ထမြောက် ကြည့်ရှုမှု အများဆုံးဖြစ်

.

(ဓာတ်ပုံ - အီးပီအေ)

ဂျူဗင်တပ်စ်ကစားသမားဘဝ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အဖွင့်ပွဲစဉ်ဟာ အီတလီမှာ ရုပ်သံကြည့်ရှုသူ ပရိသတ် ၂.၃ သန်းကို ဖမ်းစားနိုင်ခဲ့ပြီး Sky Italia ရုပ်သံဌာနရဲ့ သမိုင်းမှာ စတုတ္ထမြောက် ပရိသတ်ကြည့်ရှုမှု အများဆုံးပွဲဖြစ်လာပါတယ်။

ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းအတွက် ပထမဆုံး တရားဝင်ပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ စနေနေ့က ချီယေဗိုအသင်းကို ၃-၂ ဖြင့် အနိုင်ရတဲ့ ပွဲမှာ ကစားခဲ့တာဖြစ်ပြီး ဒီပွဲကို သန်းချီရှိတဲ့ ပရိသတ်တွေက ရုပ်သံလိုင်းကတစ်ဆင့် ကြည့်ရှုခဲ့တာပါ။

မိနစ် ၉၀ ပြည့် ရော်နယ်လ်ဒို ပါဝင်ကစားခဲ့တဲ့ အဆိုပါပွဲစဉ်ကို ကြည့်ရှုခဲ့သူ အရေအတွက် (unique viewers) ၂,၃၃၀,၂၃၄ ဦးအထိရှိခဲ့တယ်လို့ Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။

ဒီအရေအတွက်ဟာ အီတလီရှိ Sky ရုပ်သံဌာနခွဲရဲ့ သမိုင်းမှာ စတုတ္ထမြောက် ပရိသတ်ကြည့်ရှုမှု အများဆုံး ပွဲဖြစ်ခဲ့ပြီး ယခင် စံချိန်တွေကတော့ ၂၀၁၃ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ကစားခဲ့တဲ့ အင်တာမီလန်နဲ့ ဂျူဗီတပ်စ်တိုရဲ့ ပွဲစဉ်နဲ့ ၂၀၁၅ သြဂုတ်လအတွင်း ကစားခဲ့တဲ့ ရိုးမားနဲ့ ဂျူဗီတပ်စ် ပွဲစဉ်တို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ရာသီက ဂျူဗီတပ်စ်အသင်းရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ကာဂလီယာရီနဲ့ ပွဲကို ကြည့်ရှုသူ ပရိသတ်အရေအတွက်ထက် ၆၈ ရာခိုင်နှုန်းအထိ တိုးမြှင့်လာတာလည်းဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ချီယေဗိုနဲ့ ရာသီအဖွင့်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂျူဗီတပ်စ်အသင်းက ဘာနာဒက်ခီရဲ့ နောက်ကျဂိုးနဲ့ ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ရော်နယ်လ်ဒိုမရှိတော့တဲ့ ရီးယဲလ်အသင်းပွဲစဉ်ကို ကြည့်ရှုနေတဲ့ ပရိသတ်

ဒါပေမယ့် တခြားတဖက်မှာတော့ ပေါ်တူဂီစူပါစတားရဲ့ အသင်းဟောင်း ရီးယဲလ်မက်ဒရစ်ဟာ ရော်နယ်လ်ဒိုခေတ် မတိုင်မီနောက်ပိုင်း အိမ်ကွင်း ပရိသတ်ဝင်ရောက် ကြည့်ရှုမှု အနိမ့်ဆုံးဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ရော်နယ်လ်ဒိုဟာ ယခုနွေရာသီအပြောင်းအရွှေ့မှာ ရီးယဲလ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းဆီ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

Ref; Daily Mail