ရန်ကုန်ဘူတာကြီးတွင် ခြိမ်းခြောက်ငွေတောင်းခဲ့သူများအနက် ၃ ဦးအား အလုပ်နှင့်ထောင်ဒဏ် ၂ လချမှတ်

.

ရန်ကုန်၊ သြဂုတ်လ ၂၁ ။          ။ ရန်ကုန်ဘူတာကြီးတွင် အမျိုးသမီးနှစ်ဦးထံမှ ကုန်ထမ်းပေးခဟုဆိုကာ ငွေကြေးမတန်မရာ တောင်းခံခဲ့သည့် အပြင် ခြိမ်းခြောက်မှုပါပြုလုပ်ခဲ့သည့်သူများအနက် ၃ ဦးအား အလုပ်နှင့် ထောင်ဒဏ် ၂ လစီကျခံစေရန် မင်္ဂလာ တောင်ညွှန့်မြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။

ခရီးသည်အမျိုးသမီးနှစ်ဦးကို ခြိမ်းခြောက်ငွေတောင်းခဲ့သော မောင်နီ၊ ကျော်ဦး(ခ) စတားလုံး၊ ဇော်ဇော်ဆိုသူတို့ ၃ ဦးကို ရထားလုပ်ငန်းဥပဒေပုဒ်မ- ၈၈(က)ဖြင့် တရားစွဲတင်ပို့ခဲ့ရာ တရားရုံးရှေ့တွင် ယင်း ၃ ဦးက ပြစ်မှုကျူး လွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့်  သြဂုတ်လ ၂ဝ ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် ၂ လစီအသီးသီးကျ ခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့၊ ည ၉ နာရီခန့်က ရန်ကုန်ဘူတာကြီးတွင် တရားဝင်ကုန်ထမ်းဝန်ထမ်း မဟုတ်သည့် အမျိုးသား ၆ ဦးက အမျိုးသမီး ခရီးသည်နှစ်ဦး၏ ပစ္စည်းများကို သယ်ယူပေးခဲ့ကာ လုပ်အား ခအဖြစ်ငွေကျပ် ၁၇ဝဝဝ တောင်းခဲ့ကြောင်း၊ ခရီးသည်အမျိုးသမီးက မပေးသဖြင့် လူမိုက်ဆန်ဆန်ခြိမ်း ခြောက်ကာ ငွေတောင်းယူခဲ့ခြင်းဖြစ်ကြောင်း သြဂုတ်လ ၂၁ ရက်တွင်ပြုလုပ်သော  မြန်မာ့မီးရထား သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ သူတို့သည် ဘူတာကို ခွင့်ပြုချက်မရဘဲဝင်တယ်။ ခရီးသွားပြည်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဈေးတွေပိုတောင်းတာတွေလုပ်တယ်။ ဒါတွေကပေါ်ပေါက်တယ်။ ပေါ်ပေါက်တဲ့အတွက် ရထားပို့ ဆောင်ရေး လုပ်ငန်း ၈၈ (က)အရ ဘယ်လိုမှကိုငြင်းလို့မရတော့ဘူး။ သို့ပေမယ့်လည်း ထူးထက်ထက်အောင်အကောင့်နဲ့ ဖေ့ဘုတ်စ်မှာပါတဲ့အကြောင်းအရာအရဆိုရင် ရန်ကုန်မြို့လယ်ကောင်မှာ ဓားပြတိုက်ခံရတယ်ဆိုတဲ့ပုံစံမျိုး။ ဒါမျိုးတွေလုပ်ထားတော့ ကျွန်တော်တို့က အခုလက်ရှိသူ့ကိုယ်စားကို ခြိမ်းခြောက်ငွေတောင်း ၃၈၆ နဲ့ အမှုဖွင့် ပေးထားတယ်”ဟု အမှတ်( ၃) ရထားရဲတပ်ဖွဲ့ခွဲမှူးရုံး( ရန်ကုန်)မှ ဒုရဲမှူးသန်းဇော်ကပြောသည်။

အဆိုပါ ခြိမ်းခြောက်ငွေတောင်းခဲ့သူ ၆ ဦးအား ရန်ကုန်ဘူတာကြီးတွင်တပ်ဆင်ထားသည့် CCTV ကင်မရာမှ တဆင့် ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်း ၆ ဦးတွင် တရားဝင်ကုန်ထမ်းဝန်ထမ်း ၁ ဦးပါရှိကြောင်း မြန်မာ့မီး ရထား( အောက်မြန်မာပြည်)မှ သိရသည်။

ပြစ်မှုကျူးလွန်ခဲ့သူ ၆ ဦးအနက် မောင်နီ၊ ကျော်ဦး(ခ) စတားလုံး၊ ဇော်ဇော်၊ ကျော်အေး၊ အောင်ကိုလတ်တို့ကို ရထားလုပ်ငန်းဥပဒေပုဒ်မ- ၈၈(က)ဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်ပြီး တရားဝင်ကုန်ထမ်းဝန်ထမ်းဖြစ်သူ  ကျော်ခင်ဆိုသူအား ရထားလုပ်ငန်းဥပဒေပုဒ်မ- ၈၇(က)ဖြင့် အမှုဖွင့်ထားပြီး တာဝန်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ခဲ့သူ ၆ ဦးကို ယင်းပုဒ်မများအပြင် ရထားရဲစခန်းမှူး ရဲအုပ် ကြည်ဝင်းမှ တရားလိုပြုလုပ်ပြီး တိုင်တန်းသဖြင့် ရန်ကုန်ရထားရဲစခန်း (ပ) ၈၈/ ၂ဝ၁၈၊  ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၈၆ (ခြိမ်းခြောက် ငွေတောင်းခံမှု)၊ ၁၁၄ (ပူးပေါင်းပါဝင်ကူညီမှု) တို့ဖြင့် ထပ်မံအမှုဖွင့်အရေးယူထားသည်။

ယင်း ၆ ဦးအနက် လက်ရှိ ရထားလုပ်ငန်းဥပဒေပုဒ်မ- ၈၈(က)ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ လစီအသီးသီးကျ ခံစေရန် အမိန့်ချမှတ်ခဲ့သည့် မောင်နီ၊ ကျော်ဦး(ခ) စတားလုံး၊ ဇော်ဇော်ဆိုသူတို့ ၃ ဦးမှာ ပြစ်မှုကျူးလွန်ခဲ့ ကြောင်း ဝန်ခံခဲ့သည့်အပြင် CCTV ကင်မရာမှတ်တမ်းတွင် ထင်ရှားနေသဖြင့် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ်( ၃) ရထားရဲတပ်ဖွဲ့ခွဲမှူးရုံး( ရန်ကုန်)မှ သိရသည်။