ကုန်တင်ယာဉ် ကတ္တားများ အလေးချိန်သတ်မှတ်ချက် တူညီမှုရှိရန် လိုအပ်နေ

.

ရန်ကုန်၊ သြဂုတ် ၂၁ ။         ။ အဝေးပြေးကုန်စည်များ ပို့ဆောင်ရာတွင် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာရသည့် ကတ္တားများသည် ဒေသတစ်ခုနှင့်တစ်ခု အလေးချိန်မတူညီမှုကြောင့် တန်ပိုပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးကျင်သိန်းကပြောသည်။

"ကတ္တားတွေက တစ်လုံးနဲ့တစ်လုံးမတူကြဘူး။ ရန်ကုန်က ကီလို ၁၀၀၀၀လို့တင်ပေးတဲ့ အချိန်မှာ ရှမ်းပြည် ရောက်လည်း ဒါကကီလို ၁၀၀၀၀ဘဲဖြစ်သင့်တာပေါ့။ ဒီမှာ ရန်ကုန်ကနေ နေပြည်တော်၊ မန္တလေးအထိလွတ် လာပြီးတော့မှ ရှမ်းပြည်နယ်ဝင်တော့မှ ကျွန်တော်တို့ကားတွေက တန်တွေပိုပါတယ်ဆိုပြီး တိုးဂိတ်တွေက မပေး ဖြတ်တဲ့ပြဿနာတွေရှိတယ်" ဟု ၄င်းကပြောသည်။

ကုန်စည်ပို့ဆောင်ရာတွင် ကတ္တားများ အလေးချိန်သတ်မှတ်မှုမတူညီခြင်းကြောင့် တန်ပိုပြဿနာများနှင့် ရင်ဆိုင်နေရပြီး ယာဉ်တစ်စီးနှင့်တစ်စီးအကြား ကုန်ပစ္စည်းများကို ရွေ့ပြောင်းကြရကြောင်း၊ထို့ကြောင့် ကုန်စည်ပို့ဆောင်ရာတွင် ကြန့်ကြာမှုများလည်းကြုံတွေ့ရကြောင်း မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းမှ သိရသည်။

"နိုင်ငံတော်ကနေ ကတ္တားတွေကို တစ်လုံးနဲ့တစ်လုံးစံချိန်စံညွှန်းမီအောင် ဖြစ်စေချင်တယ်။ ကတ္တားတစ်လုံးနဲ့ တစ်လုံး ကုန်ချိန်အလေးချိန်တူညီစေချင်တယ်။ အခုကတ္တားတစ်လုံးနဲ့တစ်လုံးကွာဟမှုက ၀.၉၉တန် ပေးထား ပေမယ့် ကျွန်တော်တို့ အခုချိန်မှာ ၀.၉၉တန်တောင်မှ မတင်ရဘဲ ၂၀ရာခိုင်နှုန်းလောက်ဘဲ တင်လို့ရတယ်" ဟု ဦးကျင်သိန်း ကဆက်လက်ပြောသည်။

အဆိုပါ ကုန်ချိန်သတ်မှတ်ချက် ကတ္တားများကို တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်အောင် သတ်မှတ်ရန် ယခင်အစိုးရ လက်ထက်တွင် ဆောင်ရွက်မှုများရှိခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။ ဘုရင့်နောင်အဝေးပြေးကုန်စည်ပို့ ဆောင်ရေးမှ အနယ်နယ်အရပ်ရပ်သို့ နေ့စဉ်ကုန်တင်ယာဉ်အစီးရေ ၄၀၀၀ ၀န်းကျင်ဖြင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း   မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။