လူငယ်ပန်းချီဆရာလေးဦးရဲ့ ပျော်ရဲ့လား အမည်ရှိတဲ့ ပန်းချီပြပွဲ

.

ရန်ကုန်၊သြဂုတ် ၂၁ ။            ။ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဟန်တွေနဲ့ ရေးဆွဲပြသထားပြီး "ပျော်ရဲ့လား" လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲကို သြဂုတ်လ ၁၈ရက်ကနေ ၂၆ရက်နေ့အထိ ရန်ကုန်မြို့ဘိုကလေးဈေးလမ်းက  Myanm/art ပြခန်းမှာ ပြသထားပါတယ်။

လူငယ်ပန်းချီအနုပညာရှင်များဖြစ်ကြတဲ့ ဘကြီး ၊လွင်ဦးမောင်၊ငယ်ငယ် နဲ့ ဇွန်စီတို့ ၄ဦး စုပေါင်းပြီး ယခုပြပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ပန်းချီကားများကို ပုံဖော်ရေးဆွဲရာမှာ တစ်ဦးနဲ့တစ်ဦး ကွဲပြားစွာ စိတ်ကူးပုံဖော် ရေးဆွဲထားကြတာဖြစ်ပြီး ပန်ချီဆရာ ၄ဦးက သူတို့တစ်ဦးချင်းစီရဲ့ အကြောင်းတွေကို ပန်းချီအတွေးနဲ့ ရေးဆွဲ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

" အိုက်ဒီယာကတော့ ကျွန်တော့်အကြောင်းတွေကို လူတွေကိုပြောပြောပြဖြစ်တယ်။ ဒီပန်းချီကားတွေထဲမှာ လည်း ကျွန်တော်ပုံတွေဘဲကျွန်တော်ပြန်ရေးဖြစ်တယ်။နောက်တစ်ယောက် ပန်းချီဆိုရင်သူက မိန်းမအကြောင်း တွေကို စိတ်ဝင်စားတယ်။ မိန်းမတွေရဲ့ဖြစ်တဲ့ ကိစ္စတွေကိုသူကရေးတယ်။ငယ်ငယ်ကကျတော့ ဗေဒင်တွေ လက္ခဏာတွေ တဲရော့ကဒ်တွေရဲ့ အကြောင်းကိုပြန်ရေးတယ်" ဟု လူငယ်ပန်းချီဆရာ လွင်ဦးမောင် ကပြောပါတယ်။

အဆိုပါ ပန်းချီကားများကို ရောင်းချခြင်းမရှိဘဲ ကိုယ်ပိုင်စိတ်ကူးတွေကိုသာ ပန်းချီပြခန်းအဖြစ် ပြသထားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်ပန်းချီပြခန်းများကိုလည်း ယင်းတို့ ၄ဦးစုပေါင်းပြီး ထပ်မံပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။