အန္တရာယ်ရှိ ကြိုးတံတား ၁၀ စင်းကို ပြန်တည်ဆောက်ရန် လုပ်ဆောင်နေ

.

အသစ်တည်ဆောက်နေသော မြောင်းမြကြိုးတံတားသစ်အား သြဂုတ်လ ဒုတိယအပတ်ကတွေ့မြင်ရစဉ်။ ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန

နေပြည်တော်၊ သြဂုတ်လ ၂၁ ။          ။ မြောင်းမြကြိုးတံတား ပြတ်ကျပြီးနောက် မြန်မာတစ်နိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်းကို စစ်ဆေးခဲ့ရာ ကြိုးတံတား ၁၀ စင်းမှာ အန္တရာယ်ရှိသောအခြေနေရှိနေသည့်အတွက် ပြန်တည်ဆောက်ရန် လုပ်ဆောင်နေပြီ ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောကြားသည်။

“အရေးကြီးတဲ့ ၁၀ စင်းကို အခုတော့ လောလောဆယ်မှာ အားလုံး စစ်ဆေးပြီးပါပြီ။  အဲဒါကြောင့်မို့လို့ ခုနကလို ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတဲ့တံတားတွေအားလုံးကိုလည်း အခုဟာ ပြန်လည်တည်ဆောက်ဖို့ လုပ်နေပါပြီ ” ဟုဒုဝန်ကြီးက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့က ဧရာဝတီတိုင်းရှိ မြောင်းမြကြိုးတံတား ပြတ်ကျခဲ့ရာ လူ၂ ဦး သေဆုံးခဲ့ပြီးနောက် နိုင်ငံတွင်းရှိသော ကျန် ကြိုးတံတား ၂၉ စင်း၏ ကြံ့ခိုင်မှုကို တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ ပညာရှင်များ နှင့် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဂျိုင်း(ကော့ကရိတ်)ကြိုးတံတား 

ယနေ့ သြဂုတ်လ ၂၁ ရက်နေ့၊ အမျိုးသားလွှတ်တော်တွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော မေးခွန်းများကို ဖြေကြားပြီး ပြန်လည်ထွက်ခွာချိန်တွင် မီဒီယာများ၏မေးမြန်းမှုကို ဆောက်လုပ်ရေးဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တံတား ၁၀ စင်းတွင် မွန်ပြည်နယ်ရှိ ကြိုးတံတား ၃ စင်း(ဇာသပြင် မြစ်ကူးတံတား၊ ကော့ကရိတ် မြစ်ကူးတံတား၊ အတ္ထရံ မြစ်ကူးတံတား) မကွေးတိုင်းရှိ မယ်ဇလီတံတား၊ ဧရာဝတီတိုင်းရှိ တံတား ၄ စင်း (ပင်လယ်လေး တံတား၊ ၀ါးခယ်မ တံတား၊ ရွှေလောင်း တံတား၊ ကျွန်းကုန်းတံတား) တို့ ပါဝင်နေသည်။

“အခုလာမယ့် ၁၈၊ ၁၉ ခုလာမယ့် အောက်တိုဘာက စပြီးတော့အသစ်ပြန်လည် တည်ဆောက်ဖို့အတွက်လည်း တင်ပြထားပြီးဖြစ်ပါတယ်။ စလည်းစတင် တည်ဆောက်တော့မှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောကြားသည်။

လက်ရှိတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဧရာဝတီတိုင်းတွင်း ပြတ်ကျသွားခဲ့သော မြောင်းမြတံတားကို ပြန်လည်တည်ဆောက်မှုများ ပြုလုပ်နေပြီဖြစ်ပြီး ၊ ၄င်းတိုင်းအတွင်းမှ အခြားတံတား ၄ စင်းတို့ကို လာမည့် အောက်တိုဘာလတွင် စတင်တည်ဆောက်မည်ဟု သိရသည်။

အလားတူ ဂျပန်နိုင်ငံ JICA၏ အကူအညီနှင့် အတူ မွန်ပြည်နယ်တွင်းရှိ တံတားသုံးစင်းဖြစ်သည့် ဇာသပြင် မြစ်ကူးတံတား၊ ကော့ကရိတ် မြစ်ကူးတံတား ၊ အထ္ထရံ မြစ်ကူးတံတား တို့ကို တည်ဆောက်သွားမည်ဖြစ်ပြီး မကွေးတိုင်းအတွင်းရှိ မယ်ဇလီ တံတားကိုတော့ ပြန်လည်တည်ဆောက်နေပြီဖြစ်ကြောင်း ဒု ၀န်ကြီး ပြောကြားချက်အရ သိရသည်။

“အရေးကြီးတဲ့ တံတားတွေ အားလုံးကို ကျွန်တော်တို့ အခု တချို့ဟာတွေကို အသစ်ပြန်လည်တည်ဆောက် နေပါပြီ။ တချို့ဟာတွေကိုတော့ လက်ရှိဟာတွေကို ပြန်လည်မြှင့်တင်သွားမှာဖြစ်ပါတယ်။ ဒီအအစဉ်တွေ ကလည်းပဲ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံတွေရဲ့ အကူအညီတွေ နဲ့ လက်ရှိကြိုးတံတားတွေ အဟောင်းတွေကို ပြန်လည်မြှင့်တင်သွားဖို့ စီစဉ်လျှက်ရှိပါတယ်” ဟု ဦးကျော်လင်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်း ကြိုးတံတားများ၏ ကြံ့ခိုင်မှုကို ယခင်အစိုးရလက်ထက်က ၂ နှစ် တစ်ကြိမ် စစ်ဆေးခဲ့ရာတွင် တံတား၏ကြိုး၊ တာဝါ၊ စတီးသံဘောင်များ စသော ထင်သာမြင်သာရှိသည့် အပိုင်းများကိုသာ စစ်ဆေးနိုင်ခဲ့ ကြောင်း နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ထားခဲ့သော အစိုးရ၏ ဒုတိယတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုဝန်ကြီး ဦးကျော်လင်းက ပြောကြား ထားသည်။

ထို့အတွက်ကြောင့် နိုင်ငံတွင်းရှိ ကြိုးတံတား ၂၉ စင်းကို တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ ပညာရှင်များနှင့် တိုင်းတာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးသည့် နောက်ပိုင်းတွင် ယခုကဲ့သို့ အန္တာရာယ်ရှိ ကြိုးတံတား ၁၀ စင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။