စက်သုံးဆီဈေးနှုန်းများ ပြန်မကျပါက စက်သုံးဆီအသင်း ၀င်ရောက်ထိန်းသိမ်းမည်

.

ရန်ကုန်၊ သြဂုတ် ၂၁ ။           ။ အမေရိကန်ဒေါ်လာတန်ဖိုးနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းခြင်းမရှိပါက စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းမှ ၀င်ရောက်၍ ညှိနှိုင်းထိန်းကျောင်းသွားမည်ဟု အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောသည်။

"အကယ်၍များ ကျွန်တော်တို့စက်သုံးဆီဈေးတွေဟာ လိုအပ်တာထက်များသွားမယ်ဆိုရင် ဒေါ်လာဈေးတွေ တော့ကျသွားပြီ။ ပြန်မကျဘူးဆိုရင်တော့ ကျွန်တော်တို့ညှိနှိုင်းပြီးတော့ ၀င်ရောက်ထိန်းကျောင်း ညှိနှိုင်းတာ မျိုးတွေ လုပ်မှာပါ။ အဲဒါတော့စောင့်ကြည့်နေတယ်။ အခုဥစ္စာပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ စက်သုံးဆီ ဈေးနှုန်းတွေဟာ နေ့စဉ်ပေါက်ဈေးနဲ့တွက်မယ်ဆိုရင် ရှုံးခဲ့တဲ့ကာလများတယ်။ များတဲ့အချိန် နည်းနည်း ပါးပါး လေး မြတ်သင့်တာထက်ပိုတဲ့အချိန်မှာသွားပြီးတော့ ကိုင်မယ်တွယ်မယ်ဆိုလည်ဒါကြီးက မသင့်တော်ဘူး။ ဆိုတော့ ဒါလေးကိုတောက်လျှောက်စောင့်ကြည့်ပြီးတော့ လုပ်သင့်တဲ့အချိန်ဆိုလို့ရှိရင် လုပ်စရာတောင် မလိုပါဘူး။ အမှန်ကအခုချိန်မှာပြိုင်ဆိုင်မှုက တအားများတယ်။ သူ့ဟာသူဈေးချသွားတာပါပဲ။ လိုအပ်လို့ရှိရင် ကျွန်တော်တို့အသင်းကနေပြီး ဆောင်ရွက်ပါမယ်" ဟု စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း၏ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ဆိုသည်။

ဒေါ်လာဈေးနှုန်းများ ကျဆင်းသော်လည်း စက်သုံးဆီဈေးနှုန်းများကို ပုဂ္ဂလိကကုမ္ပဏီများမှ ဈေးမချပေးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းအနေဖြင့် စက်သုံးဆီဈေးများချကာ ရောင်းပေးသွားမည် ဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

"ဆီဈေးတက်လာတော့ ဆွဲရပြုရတာအဆင်မပြေဘူးပေါ့နော်။ ကားကလည်းကျပ် ဆီဈေးကလည်း တက်ဆိုတော့ ခရီးသည်ကလည်းမရဘူးပေါ့။ ရပြန်တော့လည်း ဆီဈေးကတက်နေတော့ ဆီဈေးနဲ့ မကိုက်ဘူးပေါ့နော်။အဲဒီလိုမျိုးဖြစ်နေတာပေါ့" ဟု အငှားယာဉ်မောင်း ကိုသက် က ပြောသည်။

မြန်မာ့စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ စာရင်းများအရ သြဂုတ်လ ၁၃ ရက်နေ့၌ ဒီဇယ် တစ်လီတာလျှင် ၉၂၅ ကျပ်မှ ၉၄၄ ကျပ်အတွင်း၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၉၃၅ ကျပ်မှ ၉၅၅ ကျပ်အတွင်း၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၉၀ ကျပ်မှ ၉၁၅ ကျပ်အတွင်း နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၃၅ ကျပ်မှ ၉၆၀ ကျပ်အတွင်းရှိနေခဲ့သည်။ ထိုစဉ်မှစ၍ စက်သုံးဆီဈေးနှုန်းများ အသီးသီးမြင့် တက်လာပြီး သြဂုတ်လ ၁၉ ရက်နေ့တွင် ဒီဇယ်တစ်လီတာလျှင် ၁၀ ကျပ်မှ ၃၀ ကျပ်ဈေးမြင့်တက်နေကာပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ၁၀ ကျပ်မှ ၄၅ ကျပ်အထိလည်းကောင်း အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၀ ကျပ်မှ ၂၅ ကျပ်အထိနှင့် ၉၅ တစ်လီတာလျှင် ၁၀ ကျပ်မှ ၂၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လျှက်ရှိနေ သည်။

"နည်းနည်းလေးတော့ ကွာခြားသွားပါတယ်။ အဆွဲလည်းပါးသွားတယ်ပေါ့နော်။ အရင်တုန်းက ဆီကတစ်နေ့ တစ်သောင်းဖိုးလောက်ထည့်ရတယ်ဆိုရင် အခုတစ်နေ့ ၁၂၀၀၀၊ ၁၃၀၀၀ ဖိုးလောက်ထည့်ရတာပေါ့နော်။ ၂၀၀၀၊ ၃၀၀၀ လောက်တော့ ကွာတာပေါ့။" ဟု အငှားယာဉ်မောင်း ဦးသန်းဝင်း က ပြောသည်။

မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာဈေးမြင့်တက်ခြင်းနှင့်အတူ စားသောက်ကုန်ဈေးနှုန်းများမြင့်တက်ခြင်း၊ စက်သုံးဆီဈေးနှုန်းများမြင့်တက်ခြင်းများရှိနေပြီး စရိတ်အားလုံးကို လျော့ကျစေချင်ကြောင်း အငှား ယာဉ်မောင်း တစ်ဦးက ဆိုသည်။

"စရိတ်ကျတာတော့အကြိုက်ဆုံးပေါ့နော်။ ၉၄၀ လောက်ဆိုတာ နည်းတာမဟုတ်ဘူး။ ခါတိုင်းဆို ၉၀၀ မရှိရင်တော့ ၈၀၀၊ ၇၀၀၊ ၆၀၀ အဲဒီလောက်တုန်းကတော့ နေသာတယ်။ ပျော်တယ်" ဟု အငှားယာဉ်မောင်း ဦးပေါက်စွမ်းမာန် က ပြောသည်။

မြန်မာနိုင်ငံအတွက် စက်သုံးဆီများကို စင်္ကာပူနိုင်ငံမှ အဓိတင်သွင်းနေပြီး မလေးရှားနိုင်ငံမှလည်း မှာယူ တင်သွင်းနေသည်များလည်း ရှိနေသည်။ မြန်မာနိုင်ငံတွင် စက်သုံးဆီတင်သွင်းရောင်းချနေသည့်ကုမ္ပဏီ ၅၀ ခန့်က တစ်လလျှင်ပျမ်းပျ ဓာတ်ဆီတန်ချိန် နှစ်သိန်း၊ ဒီဇယ်တန်ချိန် လေးသိန်း တင်သွင်းလျက်ရှိနေသည်။

Global petrol prices ၀က်ဘ်ဆိုက်ဒ်တွင် ဖော်ပြထားချက်အရ ကမ္ဘာ့ဒီဇယ်ဈေးနှုန်းသည် တစ်လီတာလျှင် ပျမ်းမျှ ၁.၀၅ အမေရိကန်ဒေါ်လာ ရှိနေသည်။ ၄င်းဝက်ဘ်ဆိုက်ဒ်၌ပင် မြန်မာနိုင်ငံ၏ဒီဇယ်ဈေးနှုန်းသည် တစ်လီတာလျှင် ၀.၅၈ အမေရိကန်ဒေါ်လာရှိနေကြောင်းဖော်ပြထားပြီး အိမ်နီးချင်းထိုင်းနိုင်ငံတွင် ဒီဇယ် တစ်လီတာ ၀.၈၉ ဒေါ်လာ၊ တရုတ်နိုင်ငံတွင် ၀.၉၈ ဒေါ်လာ ပေါက်ဈေးရှိနေသည်ကို တွေ့ရသည်။

အိုက်စလန်နိုင်ငံတွင် ဒီဇယ်တစ်လီတာလျှင် ၂.၀၃ အမေရိကန်ဒေါ်လာအထိ ကမ္ဘာ့အမြင့်ဆုံးဈေးရှိနေကာ မြန်မာနိုင်ငံ၏ဈေးနှုန်းမှာ ဈေးနှုန်းအနည်းဆုံးနိုင်ငံများတွင် အဆင့် ၁၉ အဖြစ် ရပ်တည်နေသည်ကို တွေ့ရသည်။