နာမည်ကြီးအဆိုတော် ဂျနီဖာလိုပက်ဇ် MTV Michael Jackson Vanguard ဆုရရှိ

.

သြဂုတ် ၂၁ ။        ။ MTV  ဗီဒီယိုသီချင်း ဆုပေးပွဲအခမ်းအနားကို ပြီးခဲ့တဲ့ တနင်္လာနေ့က နယူးယော့ခ်မြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ MTV ဗီဒီယိုသီချင်းဆုပေးပွဲကို ထိပ်သီးအနုပညာရှင်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနှစ်ရဲ့ MTV Michael Jackson Vanguard ဆုရှင်ကတော့ ကမ္ဘာ့နာမည်ကြီး အဆိုတော် ဂျနီဖာလိုပက်ဇ် ဖြစ်ပါတယ်။

MTV Michael Jackson Vanguard ဆုဟာ ဂီတနဲ့ ရုပ်ရှင်လောကမှာ အအောင်မြင်ဆုံး ပုဂ္ဂိုလ်ကို ဂုဏ်ပြုချီးမြှင့်တာဖြစ်ပါတယ်။

အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဂျနီဖာလိုပက်ဇ်ဟာ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ဂီတ၊ သရုပ်ဆောင်၊ မော်ဒယ်လ်၊ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပါတယ်။

MTV က ချီးမြှင့်တဲ့ Vanguard ဆုအပြင် လိုပက်ဇ်ဟာ လာမယ့်လမှာ ဆုတစ်ခုထပ်ရဖို့ရှိပါသေးတယ်။ ကာတီဘီ နဲ့ ဒီဂျေခါးလ် တို့နဲ့တွဲဆိုထားတဲ့ Dinero သီချင်းအတွက် အကောင်းဆုံးလက်တင်ဂီတဆု ရရှိမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ Vanguard ဆုကို အဆိုတော် ပင့်ခ် ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး Vanguard ဆုရရှိဖူးတဲ့ တခြားအဆိုရှင်တွေကတော့ ရီဟားနား၊ ကိန်ဝက်စ်နဲ့ ဘီယွန်ဆေးတို့ ဖြစ်ပါတယ်။