မက္ကဆီကို ပျားမွေးမြူရေးစခန်းရှိ ပျားများသေဆုံး

.

သြဂုတ် ၂၁ ။          ။ မက္ကဆီကိုနိုင်ငံ၊ Cancun မြို့၊ Quintana Roo ပြည်နယ်ရှိ ပျားမွေးမြူရေး စခန်းမှာ မွေးမြူထားတဲ့ ပျားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ သေကြေပျက်စီးကုန်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပျားမွေးမြူရေး စခန်းနားက Habanero ငရုတ်ကောင်းပင်တွေကို ပိုးသတ်ဆေးဖြန်းတဲ့အတွက် ပျားတွေ သေကြတာလို့ ပျားမွေးမြူသူတွေက ထင်မြင်ချက်ပေးကြပါတယ်။

ပျက်စီးသွားတဲ့ ပျားအုံ ၃၆၅ ခုဟာ Habanero ငရုတ်ကောင်းပင်တွေနဲ့ သုံးမိုင်အကွာမှာ ရှိနေတာဖြစ်ပြီး အဆိုပါ ပျားအုံ ၃၆၅ ခုထဲက ပျားတွေအကုန် သေကြေခဲ့ရတာဖြစ်ပါတယ်။

မှန်လုံအိမ်တွေထဲမှာ ထည့်ထားတဲ့ ပျားတွေပဲ အသက်ရှင်ကျန်ရစ်တယ်လို့ သိရပါတယ်။

“ပျားတွေကလည်း သေပြီး ပုပ်သိုးနေပြီ။ ဘာမှလုပ်လို့မရတော့ဘူး။”လို့ ပျားမွေးမြူသူ Laureano Pech Esquivel ကပြောပါတယ်။

ပျားအုံတစ်အုံကို ပီဆို ၁၇၀၀ နဲ့ ၁၉၀၀ ကြား (ဒေါ်လာ ၉၀၊ ၁၀၀ ကြား) ရောင်းဈေးရှိနေပြီး ပျားအုံကောင်းရင် ဈေးကောင်းပိုရတယ်လို့ သိရပါတယ်။

ပျားတွေ သေကြေပျက်စီးခြင်းဟာ ပျားမွေးမြူသူတွေရဲ့ ၀င်ငွေကိုပါ ထိခိုက်စေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့လည်း ပျားအသေတွေကို ဒီတိုင်းထားထားတယ်။ ပျားအသေတွေကို သက်သေပြနိုင်အောင် အာဏာပိုင်တွေက ဘာမှမလုပ်ဖို့ မှာထားတယ်။”ဆိုပြီး ပျားမွေးမြူသူ Wilson Ayala Mex ကပြောပါတယ်။