မြိတ်တွင် အိန္ဒိယထုတ် သုံးဘီးဆိုင်ကယ် ပြေးဆွဲမှုများလာသော်လည်း ဒေသခံများ စီးနင်းမှု နည်းပါးနေ

.

မြိတ်၊ သြဂုတ်လ ၂၁ ။           ။ မြိတ်မြို့တွင် အိန္ဒိယနိုင်ငံထုတ် BAJAJ RE သုံးဘီးဆိုင်ကယ်များကို TAXI (ကယ်ရီ)အဖြစ် ပြေးဆွဲမှု များလာသော်လည်း ဒေသခံများက စီးနင်းမှု နည်းပါးနေသေးကြောင်း သုံးဘီးဆိုင်ကယ် မောင်းသူများထံမှ သိရသည်။

ဈေးနှုန်း ကြီးမြင့်မည်ထင်၍ စီးနင်းသူနည်းပါးခြင်း ဖြစ်နိုင်ကြောင်း သုံးဘီးဆိုင်ကယ်မောင်းသူများက သုံးသပ်ကြသည်။

 “သုံးဘီး ဆိုင်ကယ်ကယ်ရီက မြိတ်မှာ အခုဆိုလျှင် အလုပ်ဖြစ်ပါတယ်၊ ခရီးသည်တွေ စီးတဲ့သူတွေက သဘောကျပါတယ်၊ ဒါပေမယ့် မြိတ်က ဒေသခံတွေကတော့ စီးတဲ့သူ နည်းပါးနေပါသေးတယ်၊ ဘာကြောင့်လဲ ဆိုတော့ ကယ်ရီခဈေးမြင့်မယ်ထင်ပြီး မစီးရဲတဲ့သူတွေ များနေသေးတယ်”ဟု မြိတ်ကမ်းနားလမ်း ဆိပ်ငယ်ဘောတံတားတွင် သုံးဘီးဆိုင်ကယ် မောင်းနင်နေသူ ဦးမောင်နိုင်က ပြောသည်။

အဆိုပါ သုံးဘီးဆိုင်ကယ်ကယ်ရီယာဉ်လိုင်းများသည်၊ မြိတ်မြို့ပေါ်တွင် မြိတ်ကမ်းနားလမ်း၊ ဈေးများနှင့် ဆေးရုံ/ ဆေးခန်းများတွင် ပြေးဆွဲနေကြခြင်း ဖြစ်သည်။

”အမှန်ကတော့ မြိတ်မှာက ခရီးသည်တွေအများစုက ဆိုင်ကယ်ကယ်ရီကိုပဲ အဓိက စီးနေကြတော့ ဒီသုံးဘီး ဆိုင်ကယ်ကို စီးဖို့ သူတို့ စိတ်ထဲမှာ ဈေးကြီးတယ်လို့ ထင်ပြီး မစီးရဲကြသေးတာပါ၊ တကယ်တမ်းကြတော့ သုံးဘီးဆိုင်ကယ်က လူများရင် စီးရတာ ဈေးလည်း သက်သာတယ်၊ ယာဉ်အန္တရာယ်လည်း ပိုကင်းပါတယ်”လို့ သုံးဘီးဆိုင်ကယ် မောင်းနင်းသူ ဦးထွန်းဝင်းက ပြောသည်။

သုံးဘီး ဆိုင်ကယ် TAXI (ကယ်ရီ) သည်၊ ခရီးသည် ၁ ဦးလျှင် ခရီးတို အနိမ့်ဆုံး ၁၀၀၀ ကျပ်ရှိပြီး၊ ယင်း ယာဉ်တွင် ခရီးသည် ၅ ဦး အထိ စီးနိုင်ကာ အများနှင့်စီးပါက ဈေးပိုသက်သာကြောင်း သိရသည်။ သုံးဘီး ဆိုင်ကယ်ကို တစ်နေ့လုံး ငှားရမ်းလျှင် ကျပ် ၃ သောင်း ရှိပြီး၊ မြို့ပေါ် ဘုရားဖူး ထွက်ပါက ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ နီးပါး ရှိကြောင်း သိရသည်။

လက်ရှိ ပြေးဆွဲနေသည့် သုံးဘီးဆိုင်ကယ်ကယ်ရီယာဉ်လိုင်းကို မြိတ်မြို့ပေါ်သို့ အခြားနေရပ်ဒေသမှ လာရောက်လည်ပတ်သည့် ဧည့်သည်များနှင့် စီးနေကျ ခရီးသည်များကသာ  စီးသူများကြောင်း သိရသည်။

“မြိတ်မှာ သုံးဘီး ဆိုင်ကယ်တွေက ကယ်ရီဆွဲတာ အခုမှ ၁ နှစ်တောင် မပြည့်သေးဘူး၊ ခရီးသည်တွေက ဒေသခံတွေ စီးတာ နည်းပါးနေပါးသေးတယ်၊ အခြားဒေသမှ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေပဲ စီးများတာပါ၊ ဒေသခံတွေက ဘာကြောင့် စီးတာနည်းနေသေးလဲဆိုတော့ သူတို့က ကားဈေးနဲ့ တွက်ပြီး၊ ဈေးကြီးမယ် ထင်ပြီး မစီးရဲကြသေးတာ ဖြစ်တယ်၊ အမှန်က ဆိုင်ကယ်ကယ်ရီဈေးနဲ့ သိပ်မကွာဘူး”လို့ မြိတ်မြို့၊ ကမ်းနားလမ်းရှိ ဆိပ်ငယ်ဘောတံတားတွင် သုံးဘီးဆိုင်ကယ်မောင်းနှင်သူ ဦးလှိုင်ဝင်းက ပြောသည်။

မြိတ်မြို့တွင် အိန္ဒိယ သုံးဘီးဆိုင်ကယ် အစီးရေ ၅၀ ကျော် ရှိပြီး၊ အစီး ၄၀ ကျော်ခန့်က ကယ်ရီ ပြေးဆွဲ နေကြပြီး၊ တစ်နေ့လျှင် ၁၅၀၀၀မှ ၂၀၀၀၀ ကျပ်အထိ ရကြောင်း ကယ်ရီပြေးဆွဲသူများထံမှ သိရသည်။

“အခု မိုးတွင်းပိုင်းမှာတော့ ဆွဲရတာ နည်းနည်း ပါးပါတယ်၊ လာမယ့် ပွင့်လင်းရာသီ ရောက်ရင် ဒီထက် မက ဆွဲရနိုင်ပါတယ်လို့ မျှော်လင့်ပါတယ်၊ ဘာကြောင့်လည်း ဆိုတော့ ပွင့်လင်း ရာသီရောက်ရင် ခရီးသွားတွေလည်း များတယ်၊ ဧည့်သည်တွေလည်း အလာများတော့ ဒီထက် ပိုဆွဲရနိုင်ပါတယ်”လို့ သုံးဘီးဆိုင်ကယ်ကယ်ရီ ပြေးဆွဲနေသူ ဦးထွန်းဝင်းက ဆိုသည်။

အိန္ဒိယနိုင်ငံ ထုတ် BAJAJA RE သုံးဘီး ဆိုင်ကယ်သည်၊ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ၁ စီးလျှင် ဈေးနှုန်း ၂၉ သိန်းကျပ် နီးပါး ရှိပြီး၊ ယခုမှာ လက်ရှိ ပေါက်ဈေး အရ ၁ စီးလျှင် ၄၂ သိန်းကျပ် အထိ ဈေး မြင့်တက်လျက် ရှိကြောင်း မြိတ်မြို့မှ BAJAJ RE Show Room အရောင်းဆိုင်ထံမှ သိရသည်။

အိန္ဒိယနိုင်ငံထုတ် BAJAJ RE သုံးဘီးဆိုင်ကယ်သည်၊ မြိတ်ဈေးကွက်အတွင်းသို့ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ထိုးဖောက်ခဲ့ရာ ၀ယ်ယူစီးနင်းသူ မရှိသလောက်ကို နည်းပါးပြီး အရှုံးခံ၍ ထုတ်ရောင်း ခဲ့ရကြောင်း သိရသည်။