"မန္တလေးက မူးယစ်ကျော်ဇောနေရာတွေကို Facebook ပေါ်တက်လာမှပဲ ဖမ်းတော့မှာလား"

.

ဓာတ်ပုံ - ဘိုဘို

မန္တလေး ၊ သြဂုတ် ၂၁ ။          ။ သြဂုတ်လ ၁၉ ရက်၊ညပိုင်းကစတင်ပြီး လူကွန်မှုယက် ( Facebook) မှာပျံ့နှံ့သွားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူနဲ့သုံးစွဲနေသူများရဲ့ ရုပ်/သံဖိုင်တက်ပြီးနောက် သြဂုတ်လ ၂၀ ရက်၊မွန်းလွဲပိုင်မှာ မန္တလေးမြို့ရဲ့ မူးယစ်ကျော်ဇော်နေရာဖြစ်တဲ့ ၂၂လမ်း၊မြောက်ဘက်၊ကမ်းနားလမ်းတစ်လျှောက်နဲ့စည်ပင်က တည်ဆောက် ထားတဲ့ တန်းဖိုးနည်းအိမ်ရာတိုက်ခန်းတွေကို မူးယစ်အထူးအဖွဲ့နဲ့မန္တလေးတိုင်းရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်း အဖွဲ့က ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြပါတယ်။

မန္တလေးတိုင်းဒေသကြီးက ရဲတပ်ဖွဲ့တွေဟာ လူမှုကွန်ယက်မှ ပျံ့နှံ့နေတဲ့နေရာအပါအဝင် မူးယစ်ကျော်ဇော နေရာ သုံးနေရာကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာပါ။အခုလို မန္တလေးမြို့မှာ မူးယစ်ကျော်ဇောနေရာတွေထဲက တစ်ခုဖြစ်တဲ့ ၂၂လမ်းမြောက်ဘက် ကမ်းနားတစ်လျှောက်က တဲတွေရယ်၊တန်းဖိုးနည်းအိမ်ရာရယ် ဒါတွေဟာ မူးယစ်ဆေးရောင်းဝယ်၊သုံးစွဲနေသူတွေရဲ့ လုံခြုံတဲ့နေရာတစ်ခုလိုဖြစ်နေပါတယ်။

နောက်တစ်ခုက အဲဒီနေရာတွေဟာ ဧရာဝတီမြစ်ကမ်းဘေးဖြစ်တာကြောင့် အနောက်ဘက်ကမ်း ၂၂ လမ်း၊ ကမ်းနားတစ်လျှောက်ဟာ အောင်မြေသာစံမြို့နယ်ဘက်ခြမ်းမှာဖြစ်ပြီး အနောက်ဘက်ကတော့ ပုသိမ်ကြီးမြို့နယ်ဘက်ခြမ်းဖြစ်နေပါတယ်။

ကမ်းနားမှာ ရေပေါ်တဲတွေတည်ဆောက်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ လုပ်နေကြခြင်းလည်း ဖြစ်ပါတယ်။၂၂လမ်း၊ကမ်းနားလမ်းဟာ မန္တလေးမြို့တွင်းလို့ ပြောလို့လည်းရပါတယ်။ရောင်းဝယ် သုံးစွဲနေကြ သူတွေဟာ အောင်မြေသာစံဘက်ခြမ်းမှာပဲ အများစုလုပ်ကိုင်နေပါတယ်။အခု အောင်မြေသာစံမြို့နယ် အတွင်း က မူးယစ်ကျော်ဇောတဲ့နေရာဟာ မြို့နယ်ထွေ/အုပ်ရုံး၊နယ်မြေရဲစခန်းတွေရဲ့အနီးမှာရှိနေပါတယ်။ဒါပေမယ့် ဖမ်းဆီးထိန်းသိမ်းတားဆီးတာတွေမရှိပါဘူး။

မန္တလေးမြို့မှာ ၂၂လမ်း၊ကမ်းနားလမ်းတစ်လျှောက်ဖြတ်သွားရင်ကိုပဲ မူးယစ်သုံးစွဲသူတွေ၊ရောင်းဝယ်သူတွေ အမြဲလှုပ်ရှားနေသလို ဧည့်ကြိုတွေရဲ့ လူခေါ်သံကလည်း ဖြတ်သွားသူတိုင်း ကြားဖူးပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်ကတော့ ဖမ်းဆီးတာမရှိခဲ့ပါဘူး။လူမှုကွန်ယက်စာမျက်နှာမှာ တက်လာရင်တော့ အခုလိုပဲ အင်အားသုံးဝင်ရောက်ဖမ်းဆီးတာတွေ လုပ်တာဟာ စဉ်းစားစရာဖြစ်ပါတယ်။

အခုကျော်ဇောနေတဲ့နေရာတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက မသိတာလား။ဘာကြောင့် လစ်လျှူ ရှုထားတာလဲ။မန္တလေးမှာ မူးယစ်ဆေးသုံးစွဲတဲ့ လူငယ်တွေများပြားလာတာလည်း အလွယ်တကူ ဝယ်ယူသုံးစွဲ ရနေလို့ပဲဖြစ်ပါတယ်။

မူးယစ်အထူးတပ်ဖွဲ့နဲ့သက်ဆိုင်ရာရဲတပ်ဖွဲ့တွေကလည်း မူးယစ်ဆေးဝါးကို အရှိန်မြှင့်ဖမ်းဆီတာကို တွေ့လာရပါတယ်။ဒါပေမယ့်လည်း အရှိန်မြှင့်ဖမ်းဆီးနေသလောက် မြို့ပေါ်က မူးယစ်ကျော်ဇောတဲ့ နေရာတွေမှာတော့ ရောင်းဝယ်သုံးစွဲနေတာတွေက လျှော့နည်းသွားတာမတွေ့ရတဲ့အပြင် ပိုမိုများလာတော့ တွေ့ရပါတယ်။ အခုဖမ်းဆီးမှုမှာလည်း အဓိက ရောင်းဝယ်နေသူတွေကို မမိဘဲ သုံးစွဲသူတစ်ချို့နဲ့ လက်ခွဲ ရောင်းသူတစ်ချို့ကိုပဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။လာဖမ်းမယ်လို့ ကြိုတင်သတင်းတွေထွက်ပေါ်ခဲ့တာကြောင့် ရောင်းဝယ်သူအများစု လွတ်မြောက်သွားတယ်လို့ ပြောသံလည်းကြားနေရပါတယ်။

အခုလို ရောင်းဝယ်သူတွေ လွတ်မြောက်သွားတာဟာ အဓိက နယ်မြေခံရဲတပ်ဖွဲ့၊နယ်ထိန်းတွေမှာ တာဝန်ရှိပါတယ်။သူတို့အနေနဲ့ ဖမ်းဆီးဖို့ခက်ခဲနေတယ်ဆိုရင် အထက်အဆင့်ကို မှန်မှန်ကန်ကန် သတင်းပို့ဖို့လိုပါတယ်။ဒီလိုသာ တက်ညီ လက်ညီလှုပ်ရှားမယ်ဆိုရင် မူးယစ်ရောင်းဝယ်သူတွေ အတွက် နေရာမရှိနိုင်ပါဘူး။

မန္တလေးက မူးယစ်ကျော်ဇောနေရာတွေဟာ သက်ဆိုင်ရာအဖွဲ့ကို ဂရုမစိုက်တဲ့အပြင် ခြိမ်းခြောက်ပြောဆို တာတွေလဲ ရှိပါတယ်။အမှန်တကယ် မူးယစ်ဆေးဝါးရောင်းဝယ်တဲ့နေရာတွေပပျောက်ဖို့အတွက် ရဲတပ်ဖွဲ့က မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် ပြည်သူကလည်း ကူညီပေးဖို့ အသင့်ဖြစ်လာပါလိမ့်မယ်။

မန္တလေးက မူးယစ်ကျော်ဇောနေရာတွေကိုဖမ်းဆီးမှုတိုင်းမှာ လူမှုကွန်ယက်စာမျက်နှာပေါ်တက်လာမှပဲ အင်အားသုံးဖမ်းဆီးနေတာတွေ့ရပါတယ်။ဖမ်းတိုင်းလဲ အဓိက ရောင်းဝယ်သူတွေ လွတ်မြောက်ဆဲ ဖြစ်နေ ပါတယ်။

ဒီနှစ်အတွင်းမှာ ဇွန်လ၂ရက်နေ့က ပုသိမ်းကြီးမြို့နယ်မှာရှိတဲ့ ကံကြီးကုန်း၊ဇီးအုပ်တို့မှာ ဝင်ရောက်ဖမ်းဆီး ခဲ့ရာ သုံးစွဲသူအချို့ဖမ်းဆီးနိုင်ခဲ့ပြီးတော့ နေတဲ့အိမ်အလုံး ၃၀ကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ဇွန်လ ၅ ရက်မှာလည်း အခု ဝင်ရောက် ဖမ်းဆီးတဲ့နေရာမှာပဲ ရှင်းလင်းမှုတွေလုပ်ခဲ့ဖူးပါတယ်။ အဲ့အချိန်တုန်းကလည်း သုံးစွဲသူတစ်ချို့ပဲ ဖမ်းဆီးနိုင်ခဲ့ပြီး အဓိကရောင်းဝယ်သူတွေက ထုံးစံအတိုင်း လွှတ်မြောက်ခဲ့ပါတယ်။

မန္တလေးမြို့မှာ မူးယစ်ကျော်ဇောနေရာတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်တက်လာမှပဲ ရဲအင်အားသုံး ဖမ်းဆီးနေတာကတော့ ဝေဖန်စရာဖြစ်နေပါတယ်။ မူးယစ်အထူးတပ်ဖွဲ့တွေနဲ့တိုင်း ရဲတပ်ဖွဲတွေအနေနဲ့ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို အမှန်တကယ်ကာကွယ်ပေးစေချင်တယ်။မူးယစ်ဆေးဝါးသုံးစွဲနေတဲ့လူငယ်တွေ အမှန်တကယ်လျှော့နည်းစေချင်တယ်ဆိုရင်တော့ မန္တလေးက မူးယစ်ကျော်ဇောနေရာတွေကို စစ်ဆင်ရေး တစ်ရပ်အနေနဲ့ ဖြိုခွဲ ဖမ်းဆီးသင့်နေပါပြီလို့ မဇ္ဈိမက တင်ပြလိုက်ရပါတယ်။