MTV ဗီဒီယိုသီချင်း ဆုပေးပွဲအခမ်းအနား နယူးယော့ခ်တွင်ကျင်းပ

.

သြဂုတ် ၂၁ ။          ။ MTV  ဗီဒီယိုသီချင်း ဆုပေးပွဲအခမ်းအနားကို ပြီးခဲ့တဲ့ တနင်္လာနေ့က နယူးယော့ခ်မြို့မှာ စတင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို အဆိုတော် Cardi B နဲ့ Shawn Mendes တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကွယ်လွန်သွားတဲ့ နာမည်ကြီးအဆိုရှင် Aretha Franklin အတွက် ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

နာမည်ကြီးအဆိုရှင် Aretha Franklin (အသက် ၇၆ နှစ်) ဟာ သြဂုတ်လ ၁၆ ရက်တုန်းက ပန်ခရိယကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ MTV ဗီဒီယိုသီချင်း ဆုပေးပွဲမှာ ကမ္ဘာ့နာမည်ကြီး အဆိုတော် Jennifer Lopez ဟာ MTV Michael Jackson Vanguard ဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

ယောက်ျားလေးအဆိုတော်တွေပဲ အောင်မြင်နေတဲ့ Hip Hop လောကမှာ အောင်မြင်မှုရလာတဲ့ အဆိုတော် Cardi B ဟာလည်း ဆုတံဆိပ် ဆယ်ခုအတွက် ပဏာမ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

Pop အဆိုတော် Shawn Mendes ဟာ သူကိုယ်တိုင်ရေးသားထားတဲ့ In My Blood သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

Hip Hop အဆိုတော် Nicki Minaj က Chun Li သီချင်းကို သီဆိုခဲ့သလို Pop အဆိုတော် Ariana Grande ကလည်း God is a Woman သီချင်းကို သီဆိုဖျော်ဖြေခဲ့ပါတယ်။