အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၁၅ )

.

ဓာတ်ပုံ - သူရ

အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံသည် မတူကွဲပြားမှု (ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှုနှင့် တိုင်းရင်းသား လူမျိုး ပေါင်းစုံ) ရှိသော နိုင်ငံတစ်ခုဖြစ်ပြီး ပြည်နယ် (၂၈) ခုနှင့် ပြည်ထောင်စုနယ်မြေ (၇) ခု တို့ဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်သည်။ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်နှစ်ခုလုံးတွင် ပါလီမန်ဒီမိုကရေစီ စနစ်ကိုကျင့်သုံးသည်။ ပြည်ထောင်စု လွှတ်တော်ကို လွှတ်တော် (၂) ရပ် (ပြည်သူ့လွှတ်တော်နှင့် ပြည်နယ် ကောင်စီ) တို့ဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်အများစု၏ လွှတ်တော်များကို လွှတ်တော်တစ်ရပ်ဖြင့်သာ ဖွဲ့စည်း ထားပြီး ပြည်နယ်လွှတ်တော်အမတ်များကို ပြည်သူတို့က တိုက်ရိုက်ရွေးချယ်တင်မြှောက်သည်။ ပြည်ထောင်စု အဆင့် အုပ်ချုပ်ရေးကို ဝန်ကြီးချုပ်နှင့် ကောင်စီဝန်ကြီးတို့ကလည်းကောင်း၊ ပြည်နယ်အဆင့် အုပ်ချုပ်ရေးကို ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း တာဝန်ယူထားကြသည်။ ထို့ပြင် ပြည်ထောင်စုနှင့်ပြည်နယ်အဆင့် တရား ရေးအာဏာများကိုလည်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပြဋ္ဌာန်းထားသည်။ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသန္တရအစိုးရတို့၏ လုပ်ပိုင်ခွင့် အာဏာများကို ပြဋ္ဌာန်း ထားသည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဘဏ္ဍာရေးအာဏာတို့ ပါဝင်သည့် ပြည်ထောင်စု စာရင်း (Union List)၊ ပြည်နယ်စာရင်း (State List) နှင့် ထပ်တူပြုစာရင်း (Concurrent List) တို့ကို ဖွဲ့စည်းပုံ  တွင် ပြဋ္ဌာန်းထားသည်။ ထိုစာရင်းများတွင် မပါသော ကြွင်းကျန်အာဏာ (residual powers) များ ကို ပြည်ထောင်စုအစိုးရထံ အပ်နှင်းထားသည်။ ထပ်တူပြုအာဏာမှတစ်ဆင့် ပြဋ္ဌာန်းလိုက်သည့်

ပြည်နယ်ဥပဒေတစ်ခုသည် ပြည်ထောင်စုဥပဒေနှင့် ဆန့်ကျင်နေလျှင် (သို့မဟုတ်) ပြည်ထောင်စုနှင့် ပြည်နယ်များအကြား ပဋိပက္ခတစ်စုံတစ်ရာဖြစ်လျှင် ပြည်ထောင်စုဥပဒေကသာကြီးစိုးခွင့်(supremacy)ရှိသည်။ အိန္ဒိယဖွဲ့စည်းပုံကို စတင်ပြဋ္ဌာန်းခဲ့ချိန်၌ ဒေသန္တရအစိုးရ၏ လုပ်ပိုင်ခွင့် အာဏာများကို ဖွဲ့စည်းပုံထဲတွင်ထည့် သွင်းထားခြင်းမရှိသော်လည်း ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သောအခါ (ကျေးလက်နှင့်မြို့ပြ) ဒေသန္တရ အစိုးရတို့၏ လုပ်ပိုင်ခွင့်အာဏာများ (အထူးသဖြင့် လုပ်ငန်းတာဝန်များ) ကို ပြဋ္ဌာန်းထားသည်။

အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးစနစ်ဖွဲ့စည်းပုံသည် အစိုးရအဆင့်အလိုက် ဖွဲ့စည်းပုံကို အခြေခံထားသည်။

အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးစနစ်ကို ဘဏ္ဍာရေးဖက်ဒရယ်စနစ်၏ အစိတ်အပိုင်းများအားဖြင့် အောက်တွင် လေ့လာ တင်ပြထားသည်။

အသုံးစရိတ်တာဝန်များ

အိန္ဒိယနိုင်ငံ၏ အစိုးရအဖွဲ့များအကြား လုပ်ပိုင်ခွင့်တာဝန်များကို နိုင်ငံ၏ ဖွဲ့စည်းပုံထဲတွင် ပြဋ္ဌာန်းထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါတွင် ပြည်ထောင်စုအစိုးရကသာ ဥပဒေပြုခွင့်ရှိသော ကိစ္စရပ်များပါဝင် သည့် ပြည်ထောင်စုစာရင်း၊ ပြည်နယ်များကသာ ဥပဒေပြုခွင့်ရှိသော ကိစ္စရပ်များပါဝင်သည့် ပြည်နယ်စာရင်းနှင့် ပြည်ထောင်စုနှင့် ပြည်နယ်နှစ်ခုလုံး ပူးတွဲဥပဒေပြုခွင့်ရှိသော ကိစ္စရပ်များပါဝင်သည့် ထပ်တူပြုစာရင်းတို့ ပါရှိ သည်။ ကြွင်းကျန်အာဏာများကို ပြည်ထောင်စုအစိုးရထံ အပ်နှံထားသည်။ ၁၉၉၂ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ချက် (၇၃) နှင့် (၇၄) တို့နှင့်အတူ ကျေးလက်ဒေသန္တရအစိုးရနှင့် မြို့ပြဒေသန္တရအစိုးရတို့၏ လုပ်ငန်းတာဝန် များကို ပြဋ္ဌာန်းထားသည်။ သို့ရာတွင် ဒေသန္တရအစိုးရများ၏ ဥပဒေပြုစာရင်းတွင် ပါရှိသော လုပ်ပိုင်ခွင့်တာဝန်များမှာ ပြည်နယ်စာရင်းတွင်ပါဝင်သော လုပ်ပိုင်ခွင့်တာဝန်များနှင့် ထပ်တူကျနေသော်လည်း ပြည်နယ်အစိုးရက ဒေသန္တရအစိုးရကို အမှန်တကယ် ခွဲဝေပေးသည့် ဝင်ငွေအရင်းအမြစ်များနှင့် အသုံးစရိတ်တာဝန်များသည် ပြည်နယ်အစိုးရက ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာများကို ဒေသန္တရအစိုးရအား လွှဲပြောင်းပေးလိုသည့် အတိုင်း အတာအပေါ်တွင် မူတည်နေပါသည်။ ထိုသို့ ပြည်နယ်မှ ဒေသန္တရအစိုးရများထံသို့ဝင်ငွေအရင်းအမြစ်လွှဲပြောင်း မှုသည် ပြည်နယ်များ၏ ပြဋ္ဌာန်းဥပေဒေအလိုက် ကွဲပြားမှုရှိသော်လည်း ယေဘူယျအားဖြင့်ပြည်နယ်အစိုးရသည် ဒေသန္တအစိုးရ (အထူးသဖြင့် ကျေးလက်အဆင့်) ကို ဝင်ငွေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာ (revenue autonomy) ပေးအပ်မှု အလွန်နည်းနေသည်။

အိန္ဒိယနိုင်ငံရှိ အစိုးရအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို ပိုင်းခြားထားခြင်းအခြေခံမူ (the principle of separation)ဖြင့် ခွဲဝေပေးထားသည် ။ အစိုးရအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို ဥပဒေပြုခြင်း၊ ဆောင်ရွက်ခြင်းနှင့်ကုန်ကျစရိတ်ကျခံခြင်းအားဖြင့် လေ့လာကြည့်လျှင် ဥပဒေပြုခွင့်နှင့် ဆောင်ရွက်ခွင့်တာဝန် နှစ်ရပ်လုံးအကျုံးဝင်သည့် သီးခြားပြည်ထောင်စုတာဝန်များ (ဥပမာ - နိုင်ငံတကာကုန်သွယ်မှု၊ စာတိုက်လုပ်ငန်း၊ သန်းခေါင်စာရင်း၊ ကာကွယ်ရေး နှင့် နိုင်ငံခြားရေးရာ)၊ သီးခြားပြည်နယ် တာဝန်များ (ဥပမာ - ရဲလုပ်ငန်း၊ ဥပဒေ စိုးမိုးရေး၊ အသေးစားသတ္တုတွင်း လုပ်ငန်း၊ နိုင်ငံသားနှင့် ပစ္စည်းပိုင်ဆိုင်မှု အခွင့်အရေး)၊ ပြည်ထောင်စုနှင့် ပြည်နယ် တို့၏ ထပ်တူပြုတာဝန်များ (ဥပမာ- ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် လျှပ်စစ်မီး)၊ ပြည်နယ်က ဥပဒေပြုပြီး ပြည်နယ်နှင့်ဒေသန္တရ အစိုးရတို့ ပူးတွဲဆောင်ရွက်သည့် ပူးတွဲတာဝန်များ (ဥပမာ - ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် တိရိစ္ဆာန်မွေးမြူရေး၊ ရေ၊ သစ်တော၊ ငါးဖမ်းလုပ်ငန်း၊ ပညာရေးနှင့် လူမှု ဖူလုံရေး) နှင့် ပြည်နယ်က ဥပဒေပြုပြီး ဒေသန္တရအစိုးရက ဆောင်ရွက်သည့် ပူးတွဲတာဝန်များ (ဥပမာ ဒေသန္တရ ဝန်ဆောင်မှုများ) ဟူ၍ လုပ်ငန်းတာဝန်ခွဲဝေမှု အမျိုးအစား(၅) မျိုး ခွဲခြားနိုင်သည်။

လုပ်ငန်းတာဝန်များအတွက် အသုံးစရိတ်ကျခံခြင်းအားဖြင့်ကြည့်လျှင် ပြည်ထောင်စုအစိုးရသည် ကာကွယ်ရေး၊မီးရထားလမ်း၊ စာတိုက်လုပ်ငန်းနှင့် တယ်လီဆက်သွယ်ရေးလုပ်ငန်းနှင့် အာကာသနှင့် အဏုမြူစွမ်းအင် (Atomic power) သုတေသနလုပ်ငန်းတို့တွင် အဓိကကျခံသည်။ ကျန်လုပ်ငန်းတာဝန်များကို အစိုးရအဖွဲ့ အားလုံးက အသုံးစရိတ် ပူးတွဲကျခံကြသည် ။ ပြည်နယ်များသည် ပြည်တွင်းလုံခြုံရေး၊ စိုက်ပျိုးရေး၊ တိရစ္ဆာန် မွေးမြူရေး၊သစ်တော၊ ငါးဖမ်းလုပ်ငန်း၊ ဆည်ရေသွင်းခြင်းနှင့် စွမ်းအင်ကဲ့သို့သော လူမှုရေးနှင့် စီးပွားရေးဝန် ဆောင်မှုများနှင့် အုပ်ချုပ်ရေးလုပ်ငန်းတို့တွင် အခြားအစိုးရအဖွဲ့များထက် အသုံးစရိတ်ကျခံမှု ပိုများသည်။ ဒေသန္တရအစိုးရများသည်လည်း ပြည်ထောင်စုနှင့် ပြည်နယ်များကဲ့သို့ပင် အသုံးစရိတ်ကျခံမှုများရှိသည်။ သို့ရာတွင် ဒေသန္တရအစိုးရများ၏ အသုံးစရိတ်ဆိုင်ရာ အချက်အလက်များကို အကန့်အသတ်ဖြင့်သာ ရနိုင် သဖြင့် ဒေသန္တရအစိုးရ၏ အသုံးစရိတ် ကျခံမှုအနည်းငယ်သာ ရှိသည်ဟု ခန့်မှန်းသုံးသပ်ကြသည်။ ဥပမာ-ဒေသန္တရအစိုး၏ ၂၀၀၂-၂၀၀၃ ခုနှစ် အသုံးစရိတ် ဆိုင်ရာ အချက်အလက်များအရ ဒေသန္တရအစိုးရ၏ အသုံး စရိတ်သည် တစ်နိုင်ငံလုံးစုစုပေါင်း အသုံးစရိတ်၏ ၁၀ရာခိုင်နှုန်း (ဂျီဒီပီ၏ ၂ %) သာ ရှိသည်။

အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ

အိန္ဒိယဖွဲ့စည်းပုံပါ အစိုးရအဖွဲ့များ၏ ဥပဒေပြုစာရင်းများတွင် ပါရှိသော အခွန်အာဏာများကို အခွန်အခြေခံ နှင့် အခွန်နှုန်းထားသတ်မှတ်ခြင်း၊ အခွန်ကောက်ခံခြင်းနှင့် အခွန်ဝင်ငွေခွဲဝေခြင်းအားဖြင့် လေ့လာကြည့်လျှင် ရှင်းလင်း တိကျသောအခွန်အာဏာခွဲဝေမှုများကိုတွေ့ရမည်ဖြစ်သည်။ပြည်ထောင်စုအခွန်နှင့်ပြည်နယ်အခွန်များ

သည်အခွန်အာဏာသုံးရပ်လုံး(အခွန်အခြေခံဖွင့်ဆိုခြင်း၊အခွန်နှုန်းထားသတ်မှတ်ခြင်းနှင့် အခွန်ငွေကောက်ခံ ခြင်း)အကျုံးဝင်သည့် သီးခြားအခွန်အာဏာများ ဖြစ်သည်။ ပြည်ထောင်စုအခွန်ရငွေများကို ပြည်နယ်နှင့် ခွဲဝေ ပြီး ပြည်နယ်အခွန်ရငွေ များကို ဒေသန္တရအစိုးရများနှင့် ခွဲဝေသည်။၅၉ ဒေသန္တရအစိုးရ၏ လုပ်ငန်းတာဝန်များ ကို ဖွဲ့စည်းပုံတွင် ထည့်သွင်းထားသော်လည်း ထိုတာဝန်များကို ဆောင်ရွက်ရန် လိုအပ်သော ဘဏ္ဍာငွေ

အရင်းအမြစ်များကို ရှင်းလင်းစွာ ထည့်ထားခြင်းမရှိပေ။ ဒေသန္တရအစိုးရ၏ ဝင်ငွေသည် ပြည်နယ်အစိုးရမှ ခွဲဝေပေး သော အခွန် ဘဏ္ဍာ အရင်းအမြစ်၊ ထောက်ပံ့ငွေနှင့် ချေးငွေများအပေါ်တွင်သာ မူတည်သည်။

အိန္ဒိယအစိုးရအဖွဲ့များအား ပေးအပ်ထားသော အခွန်အာဏာများကို ဝင်ငွေဆောင်ကျဉ်းပေးနိုင်စွမ်းအားဖြင့် နှိုင်းယှဉ်ကြည့်လျှင် အခွန်အခြေခံ ကြီးမားကျယ်ပြန့်ပြီး နှုန်းတိုးကောက်ခံနိုင်သော အခွန်များ (ဥပမာ - ဝင်ငွေ ခွန်) ကို ပြည်ထောင်စု အစိုးရအား ပေးအပ်ထားသည်။ ပြည်နယ်များကိုလည်း အခွန်အာဏာအချို့ ပေးအပ် ထားသော်လည်း ရောင်းဝယ်ခွန် (sale tax) ကလွဲပြီး ကျန်အခွန်များစုမှာ ဝင်ငွေအရင်းအမြစ်အားဖြင့် အရေး မပါလှပေ။ ဆိုလိုသည်မှာ ပြည်နယ်များ၏ ကိုယ်ပိုင်အခွန်အရင်းအမြစ်သည် ပြည်နယ်အသုံးစရိတ်များအတွက် လုံလောက်မှု မရှိသည်ကို တွေ့ရသည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပြုစာရင်းများတွင် မပါဝင်သည့် ကြွင်းကျန်အခွန်အာဏာများကိုလည်း ပြည်ထောင်စု အစိုးရကို ပေးအပ်ထားသဖြင့်ပြည်ထောင်စုသည်ပြည်နယ် များထက် အခွန် အာဏာပိုရှိနေသည့် သဘောဖြစ်သည်။

အခွန်အာဏာခွဲဝေမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်အချို့ ရှေ့နောက်ညီညွှတ်မှုမရှိဟု ပညာရှင်အချို့ကထောက်ပြသည်။ ဥပမာ - ကုန်စည်ရောင်းဝယ်ခွန်ကို ကုန်စည်တင်ပို့သော ပြည်နယ်များအား ကောက်ခံခွင့်

ပေးထားခြင်း၊ ပြည်နယ်များအကြား လွတ်လပ်စွာ ကုန်သွယ်နိုင်ရေးအတွက် ပြည်နယ်များအကြား သွင်းကုန်နှင့် ပို့ကုန်ခွန် ကောက်ခံခြင်း ကို တားမြစ်ထားခြင်း နှင့် ပြည်နယ်စာရင်းတွင် ပြည်နယ်အတွင်း ဝင်လာသော ကုန်စည်များအပေါ် အခွန်ကောက်ခံခွင့်ရှိခြင်း စသည့် ပြဋ္ဌာန်းချက်များသည် ညီညွတ်မှုမရှိသည်ကို တွေ့ရ သည်။ ပြည်ထောင်စု လွှတ်တော်သည် “ပြည်သူလူထု၏ အကျိုးစီးပွား (public interest)” အကြောင်းပြချက်ဖြင့် ပြည်နယ်အာဏာများအပေါ် ကန့်သတ်ချက်များနှင့် ဖြေလျှော့မှုများကို သင့်တော်သလို ဆောင်ရွက်ခွင့် ပေးထားသည်။  

ဘဏ္ဍာရေး မညီမျှမှုများ

ဖွဲ့စည်းပုံမှ အပ်နှင်းထားသော အခွန်အာဏာများသည် ပြည်နယ်အသုံးစရိတ်အတွက် လုံလောက်မှုမရှိသဖြင့်

ပြည်ထောင်စုနှင့် ပြည်နယ်အကြား ဒေါင်လိုက်ဘဏ္ဍာရေးကွာဟချက်များ ထွက်ပေါ်လာသည်။ ပြည်နယ်များမှ

ကောက်ခံရရှိသော အခွန်ဘဏ္ဍာသည် ယျေဘုယျအားဖြင့် စုစုပေါင်းအခွန်ဝင်ငွေ၏ သုံးပုံတစ်ပုံကျော်သာ ရှိ သော်လည်း ပြည်နယ်များ၏ အသုံးစရိတ်သည် စုစုပေါင်းအသုံးစရိတ်၏ ထက်ဝက်ကျော်ရှိသည်။ ထို့ပြင် အိန္ဒိယပြည်နယ် များ၏ ဝင်ငွေရှာဖွေနိုင်စွမ်း သို့မဟုတ် အခွန်ဘဏ္ဍာကောက်ခံနိုင်စွမ်းတို့သည် မတူညီသဖြင့် အသုံးစရိတ်များမှာလည်း ပြည်နယ်အလိုက် ကွာခြားမှု ရှိနေသည်။ တစ်ဦးချင်းဝင်ငွေနှင့် အခွန် - ဂျီဒီပီ အချိုးတို့သည် ပြည်နယ်အလိုက် မတူညီသောကြောင့် ပြည်နယ်များအကြား အလျားလိုက်ဘဏ္ဍာရေး မညီမျှမှု များလည်းရှိသည်။ ထိုအလျားလိုက်ဘဏ္ဍာရေးမညီမျှမှုများကို ထိန်းညှိပေးသည့် ပြည်ထောင်စုထောက်ပံ့ငွေ အစီအစဉ်များရှိသော်လည်း ပြည်နယ်များအကြား အလျားလိုက်ဘဏ္ဍာမညီမျှမှုသည် တဖြည်းဖြည်း ပို၍ကြီးမား လာသည်ကို တွေ့ရှိရပါသည်။

ဘဏ္ဍာငွေ လွှဲပြောင်းမှုများ

အန္ဒိယနိုင်ငံတွင်ဒေါင်လိုက်နှင့်အလျားလိုက်ဘဏ္ဍာရေးမညီမျှမှုများကိုဖြေလျှော့ပေးသည့်အစိုးရအဖွဲ့များအကြား

(အထူးသဖြင့် ပြည်ထောင်စုမှ ပြည်နယ်များသို့၊ ပြည်နယ်များမှ ဒေသန္တရအစိုးရများသို့)ဘဏ္ဍာငွေလွှဲပြောင်းခြင်း

အစီအစဉ်များ ထားရှိသည်။ ဖွဲ့စည်းပုံအရ ပြည်ထောင်စုအစိုးရသည် ပြည်နယ်များအား အခွန်ငွေ ခွဲဝေပေးခြင်း (tax devolution) နှင့် ထောက်ပံ့ငွေပေးခြင်း (grants in aid) အစီအစဉ်များ ထားရှိရသည်။ အလားတူပင် ပြည်နယ်များသည် ၎င်းတို့၏ အခွန်ငွေများကို ဒေသန္တရအစိုးရများနှင့် ခွဲဝေခြင်း၊ ထောက်ပံ့ငွေနှင့် ချေးငွေများ ဒေသန္တရ အစိုးရများအတွက် ထုတ်ပေးခြင်း တို့ကို ပြုလုပ်ရသည်။ အိန္ဒိယနိုင်ငံတွင် ကျင့်သုံးသော ဘဏ္ဍာငွေ များခွဲဝေမှု အစီအစဉ် များကို အောက်ပါအတိုင်း (၄) မျိုး ခွဲခြားနိုင်သည်။

(၁) ဘဏ္ဍာရေးကော်မရှင်၏ လွှဲပြောင်းငွေ (Finance Commission Transfers)

အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအရ (ပြည်ထောင်စုအဆင့်) ဘဏ္ဍာရေးကော်မရှင်ကို သမ္မတမှ (၅) နှစ် တစ်ကြိမ် သို့မဟုတ် ထိုထက်စောပြီး ခန့်အပ်သည်။ ယင်းကော်မရှင်သည် ပြည်ထောင်စုနှင့် ပြည်နယ်တို့၏ ဘဏ္ဍာရေး အရင်းအမြစ်နှင့် လိုအပ်ချက်များကို ပြန်လည်သုံးသပ်ပြီး ပြည်ထောင်စုမှ ပြည်နယ်သို့ အခွန်ငွေခွဲဝေခြင်းနှင့် ထောက်ပံ့ငွေ ချပေးခြင်း တို့အတွက် အကြံပြုပေး ရသည်။ အခွန်ဘဏ္ဍာခွဲဝေရာတွင် ထည့်သွင်းစဉ်းစားသည့် သတ်မှတ်ချက်များ (criteria) နှင့် အလေးပေးမှုများ (weighting) သည်ဘဏ္ဍာရေးကော်မရှင်အလိုက် ကွဲပြား သည် ။ အလားတူပင် ပြည်နယ်များသည် ဒေသန္တရအစိုးရများ၏ အသုံးစရိတ်များကို စနစ်တကျ ငွေကြေးပံ့ပိုး ပေးနိုင်ရန် ပြည်နယ်အဆင့် ဘဏ္ဍာရေးကော်မရှင်ကို (၅) နှစ်တစ်ကြိမ် ဖွဲ့စည်းသည်။     ယင်းကော်မရှင်သည် ( က) ပြည်နယ် နှင့်ဒေသန္တရအကြားဘဏ္ဍာငွေခွဲဝေမှုနှင့် ဒေသန္တရ အစိုးရတစ်ဖွဲ့စီအား ခွဲပေးမည့် ဘဏ္ဍာငွေ ပမာဏကို သတ်မှတ်ခြင်း၊ (ခ) ကျေးလက်နှင့်မြို့ပြဒေသန္တရအစိုးရတို့၏ အခွန်နှင့် အခွန်မဟုတ်သောအာဏာ များကို သတ်မှတ်ခြင်းနှင့် (ဂ) ဒေသန္တရအစိုးရကို ပေးမည့် ပြည်နယ်ရန်ပုံငွေ ပမာဏကို သတ်မှတ်ခြင်းစသည် တို့ကို တာဝန်ယူရသည်။

(၂) စီမံကိန်းကော်မရှင်၏ လွှဲပြောင်းငွေ (Planning Commission Transfers)

စီမံကိန်းကော်မရှင်သည် ပြည်ထောင်စုအစိုးရ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖွဲ့စည်းထားပြီး ဝန်ကြီးချုပ်၏ ထိန်းချုပ်မှုအောက်တွင် ထားရှိသည်။ အိန္ဒိယနိုင်ငံ၏ (အိမ်ခြံမြေ) ပစ္စည်း၊ အခြေပစ္စည်းနှင့် လူသားအရင်း အမြစ်တို့ကို လေ့လာဆန်းစစ်ပြီး ထိုအရင်းအမြစ်များကို ထိရောက်စွာနှင့် ဟန်ချက်ညီစွာ အသုံးချသွားနိုင်ရန် ဖြစ်သည်။ စီမံကိန်းကော်မရှင်သည် ပြည်နယ်များအတွက် အမျိုးသားဖွံ့ဖြိုးရေးကောင်စီ (National Development Council) မှရေးဆွဲ ချမှတ်ထားသော ပုံသေနည်း အတိုင်း ပြည်နယ်များကို ထောက်ပံ့ငွေနှင့် ချေးငွေများ ထုတ်ပေးသည်။

(၃) ဗဟိုအစိုးရလုပ်ငန်းနှင့် ဗဟိုမှ ထောက်ပံ့သော စီမံကိန်းများအတွက် လွှဲပြောင်းငွေ

(Transfers for central programs)

ပြည်ထောင်စုစိုးရလုပ်ငန်းအချို့နှင့် ပြည်ထောင်စုအစိုးရက ထောက်ပံ့သော စီမံကိန်းများအတွက် ပြည်ထောင်စု

အစိုးရမှ ဘဏ္ဍာငွေများ လွှဲပြောင်းပေးသည်။ ပြည်ထောင်စုအစိုးရ၏ အထူးရည်ရွယ်ထားသော စီမံကိန်းများ အတွက် ဘဏ္ဍာငွေများကို အပြည့်အဝ (သို့မဟုတ်) တစ်ချို့တစ်ဝက် ချပေးသည်။ ပြည်ထောင်စုအစိုးရ၏ လုပ်ငန်းတာဝန် အချို့ကို ပြည်နယ်များက အကောင်အထည်ဖော်ပေးရပါက အစိုးရသည် ထိုစီမံကိန်းအတွက် ဘဏ္ဍာငွေများကို ပြည်ထောင်စုအစိုးရက အပြည့်အဝကျခံပေးသည်။ သို့ရာတွင် ပြည်ထောင်စုက ထောက်ပံ့ သော စီမံကိန်းများသည် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရတို့မှ ကုန်ကျစရိတ်ပူးတွဲကျခံပေးရသော စီမံကိန်း များဖြစ်ပြီး ပြည်ထောင်စုအစိုးရသည် ထိုစီမံကိန်းများအတွက် ထောက်ပံ့ငွေ တစ်ချို့တစ်ဝက် ထုတ်ပေးသည်။ ထို့ပြင် ပြည်ထောင်စုအစိုးရ၏ လုပ်ငန်းတာဝန်အချို့နှင့် ပြည်ထောင်စု အစိုးရထောက်ပံ့သော စီမံကိန်းအချို့ကို ဒေသန္တရအစိုးရကလည်း အကောင် အထည်ဖော်ပေးရပြီး ထိုလုပ်ငန်းစီမံကိန်းများအတွက် ရည်ရွယ်ထားသော ပြည်ထောင်စုထောက်ပံ့ငွေများကို ပြည်နယ်အစိုးရများမှ တစ်ဆင့် ချပေးသည်။ ပြည်ထောင်စု အစိုးရမှ ထောက်ပံ့သော စီမံကိန်းများတွင် ဆင်းရဲမွဲတေမှုလျှော့ချရေး၊ မိသားစုစီမံကိန်း၊ ပညာရေးစီမံကိန်းများနှင့် လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သည်။

(၄) ပြည်နယ်အခြေခံအဆောက်အအုံများအတွက် ချေးငွေ (Loans for State infrastructures)

ပြည်နယ် အခြေခံအဆောက်အအုံလိုအပ်ချက်များအတွက် ချေးငွေများသည် ပြည်နယ်များ၏ အဓိကငွေကြေး အရင်းအမြစ်တစ်ခု ဖြစ်သည်။ ပြည်နယ်များသည် နိုင်ငံခြားမှ ငွေချေးယူပိုင်ခွင့် မရှိသော်လည်း ပြည်နယ်များ

သည် ပြည်ထောင်စု အစိုးရထံမှလည်းကောင်း၊ ဘွန်းစာချုပ်ဈေးကွက် (market borrowing) များမှ လည်းကောင်း ငွေများချေးယူနိုင်ပါသည်။ သို့ရာတွင် ပြည်နယ်သည် ပြည်ထောင်စုအစိုးရအပေါ် အကြွေးတင် ထားပါက ငွေချေးယူခြင်းမပြုမီ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ရယူရန် လိုပါသည်။ ထိုစည်းကမ်းချက်သည် စည်ကမ်းတင်းကျပ်သောဘတ်ဂျက်ကန့်သတ်မှု (hard budget constraint) အတွက် အိန္ဒိယနိုင်ငံက ကျင့်သုံး သည့် နည်းလမ်းတစ်ခုဟု ဆိုနိုင်သည်။ ပြည်နယ်အဆင့် ငွေစုဆောင်းမှုများမှာ တဖြည်းဖြည်းနည်းလာသည်နှင့် အမျှ ချေးငွေများသည် ပြည်နယ်များ၏ အရင်းအနှီး အသုံးစရိတ်များအတွက်သာမက လက်ရှိအသုံးစရိတ်များ အတွက်ပါ အရေးပါသော အရင်းအမြစ်တစ်ခုလို ဖြစ်လာသည်။ ဘဏ္ဍာရေးစည်းကမ်း ရှိရေးအတွက် အစိုးရ လိုငွေများလျှော့ချရန် ဘဏ္ဍာရေး တာဝန်ယူမှုဥပဒေ (fiscal responsibility legislation) များကို ပြည်ထောင်စု နှင့် ပြည်နယ်အစိုးရအချို့က ထုတ်ပြန်ကြသော်လည်း ထိရောက်မှုအပိုင်း၌ အားနည်းနေသေးသည်။

ခြုံငုံသုံးသပ်ရသော် အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးစနစ်သည် ပြည်နယ်များကို ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာများပေးထားသော်လည်း ဗဟို/ပြည်ထောင်စုအား အပ်နှင်းထားသော ဘဏ္ဍာရေးအာဏာများ (အထူး သဖြင့် ဝင်ငွေအရင်းအမြစ်ကြီးမားသော အခွန်များကို ကောက်ခံခွင့်နှင့် ပြည်နယ်များအား ဘဏ္ဍာငွေခွဲဝေပေး ခွင့်နှင့် ချေးငွေထုတ်ပေးခွင့်) က ပိုများနေသဖြင့် ပြည်နယ်များ၏ ဘဏ္ဍာရေးကိုယ်ပိုင်ဆုံးဖြတ်ခွင့် (fiscal autonomy) အပေါ် လွှမ်းမိုးမှုများ ရှိနေသည်ကို တွေ့ရှိရသည်။ ဖွဲ့စည်းပုံမှ အပ်နှင်းထားသော ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အသုံးစရိတ်နှင့်ဝင်ငွေဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ မညီမျှခြင်းနှင့် ပြည်နယ်များအကြား ဘဏ္ဍာရေး စွမ်းဆောင်နိုင်စွမ်း ကွဲပြားခြင်းကြောင့် ဒေါင်လိုက်နှင့် အလျားလိုက်ဘဏ္ဍာရေးကွာဟချက်များကို ပြည်ထောင်စု ထောက်ပံ့ငွေနှင့် ချေးငွေများဖြင့် နှစ်စဉ်ကုစား နေရသော ဘဏ္ဍာရေးအားနည်းချက်များ ဖြစ်နေ ပါသည်။ ပြည်ထောင်စု ထောက်ပံ့ငွေများသည်ယေဘုယျအားဖြင့် ပြည်နယ်၏ ဘဏ္ဍာရေးလိုအပ်ချက်များ (အစိုးရ၏ အခြေခံဝန်ဆောင်မှု လုပ်ငန်းများအတွက်လိုငွေများ)ကို ဖြည့်စွက် ပေးရုံသက်သက်သာ ရှိနေသည် ဟု ဝေဖန်မှုများ ရှိနေသည်။ ထို့ကြောင့် ဘဏ္ဍာရေး မညီမျှမှုများကို ထိရောက်စွာ ကုစားနိုင်ရေးအတွက် ပြည်နယ်များ၏ ဘဏ္ဍာရေးအာဏာ (အထူးသဖြင့် ဝင်ငွေ အရင်းအမြစ်) များကို တိုးမြှင့်ပေးခြင်း သို့မဟုတ် ပြည်နယ်ဘဏ္ဍာရေး စွမ်းဆောင်မှု မက်လုံးဖြစ်စေရေးအတွက် ပြည်ထောင်စုထောက်ပံ့ငွေ အစီအစဉ်များကို ပြန်လည်သုံးသပ်ပြင်ဆင် ခြင်းဖြင့်လည်းကောင်း ပြည်နယ်များ၏  ဘဏ္ဍာရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ဘဏ္ဍာရေး တာဝန်ခံမှုနှင့် ဘဏ္ဍာရေး စွမ်းဆောင်နိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်သည်။   ။ ( မဇ္ဈိမ )

{ ရှေ့အပတ် - ဖက်ဒရယ်နိုင်ငံများ၏ ဘဏ္ဍာရေး ဖက်ဒရယ်စနစ်တို့ကို ခြုံငုံသုံးသပ်ခြင်း }

  1. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )
  2. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )
  3. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )
  4. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၄ )
  5. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၅ )
  6. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၆ )
  7. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၇ )
  8. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၈ )
  9. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၉ )

  10. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၀ )

  11. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၁ )

  12. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၂)

  13. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၃ )

  14. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၄ )