နေပြည်တော်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်သိမ်းမြေတချို့ ပြန်လည်စွန့်လွတ်

.

နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်က တောင်သူတဦးအား လယ်ယာမြေယာယီလုပ်ပိုင်ခွင့် ပုံစံ(၃) ပေးအပ်နေစဉ်(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၂၀ရက်၊ ၂၀၁၈ခုနှစ်)။ ။ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ အမှတ်(၈)လေကြောင်းရန်ကာကွယ်ရေးအလုပ်ရုံတပ်ရင်းမှ ပြန်လည်စွန့်လွတ်သည့် မြေ ၁၈၆ဧကအနက် မြေ ၇၅ဧကကို မူလပိုင်ရှင် တောင်သူများသို့ လယ်ယာမြေယာယီလုပ်ပိုင်ခွင့်ပုံစံ(၃) ပေးအပ်လိုက်သည်။

လွန်ခဲ့သည့် ၁၃နှစ်ခန့်က အမှတ်(၈)လေကြောင်းရန်ကာကွယ်ရေးတပ် အနေဖြင့် ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် စုစုပေါင်း မြေ ၅၅၆ ဧကကို ‘တပ်ပိုင်မြေ’ အဖြစ် သိမ်းဆည်းခဲ့ခြင်း ဖြစ်ပြီး ထိုအထဲတွင် အသုံးမပြုသည့် မြေ ၁၈၆ဧကကို ပြန်လည်စွန့်လွတ်ခဲ့ခြင်း ဖြစ်သည်။

“အရင်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းထားတာက တပ်ဧရိယာတွေ တည်ဆောက်ဖို့အတွက် သိမ်းခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၀၀၃-၂၀၀၄ ကာကလောက်က သိမ်းခဲ့တာ။ ဒီနေ့ ကာလမှာကျတော့ အစိုးရရဲ့ မူဝါဒနဲ့အညီ သိမ်းဆည်းစဉ်ကာလက စီမံကိန်း အကောင်အထည်ဖော်ခြင်း မရှိတဲ့နေရာတွေကို ပြန်လည်စစ်ဆေးဖို့အတွက်ကို တောင်သူတွေရဲ့ တင်ပြစာအရ စိစစ်တဲ့အခြေအနေမှာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း သိမ်းဆည်းစဉ်ကာလက သိမ်းထားပြီး စီမံကိန်းမှာ မပါတဲ့ဟာတွေကို ပြန်လည်စွန့်လွတ်ပေးတာပါ” ဟု ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်မင်းလှိုင်က ပြောသည်။

ထိုသို့ တပ်မတော်က ပြန်လည်စွန့်လွတ်သည့် မြေလွတ်မြေရိုင်း ၁၉ဧကနှင့် မြေလပ် ၁၆၇ဧက၊ စုစုပေါင်း ၁၈၆ဧကကို နိုင်ငံပိုင်မြေ(State Land)အဖြစ် သတ်မှတ်ကာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီက အဆင့်ဆင့် ကွင်းဆင်းစိစစ်ပြီးနောက် မြေ ၇၅ဧက(လယ်မြေ ၂၀ဒဿမ၂၁ဧကနှင့် ယာမြေ ၅၄ဒဿမ ၈၃ဧက)ခန့်ကို မူလစိုက်ပျိုးခဲ့သော တောင်သူ ၂၇ဦးထံသို့ ပုံစံ(၃) ထုတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

“စွန့်လွတ်တဲ့ မြေဧက ၁၈၆ဧကကို နိုင်ငံပိုင်မြေ State Land အဖြစ် သတ်မှတ်ခဲ့တယ်။ သတ်မှတ်ပြီး ဒီမှာ ဧရိယာဧက ဘယ်လောက် တောင်သူတွေ စိုက်ထားသလဲဆိုတာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီကနေပြီးတော့ ကွင်းဆင်း စိစစ်ရပါတယ်။ ကွင်းဆင်းစိစစ်တဲ့အခါ မူလစိုက်ပျိုးတဲ့ တောင်သူ ၂၇ဦးရဲ့ စိုက်ဧက အားလုံးက ၇၅ဒဿမ ၀၄ပဲ ရှိတယ်။ ကျန်တဲ့ နေရာတွေကတော့ စိုက်ပျိုးနိုင်သော မြေလွတ်၊ မြေရိုင်းတွေပေါ့။ မြေလွတ်မြေလပ်တွေရှိတယ်။ လျှိုမြောင်တွေ ရှိတယ်။ ချိုင့်ဝှမ်းတွေ ရှိတယ်” ဟု ဥတ္တရသီရိမြို့နယ်၊ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးညီညီအောင်က ရှင်းပြသည်။

အဆိုပါ ပုံစံ(၃)ရရှိသည့် တောင်သူ ၂၇ဦးကို ခြောက်လအတွင်း လယ်ယာမြေပိုင်ဆိုင်ခွင့်လက်မှတ် ပုံစံ(၇) ထုတ်ပေးသွားမည်ဟုလည်း ဦးညီညီအောင်က ဆိုသည်။

မြေ ၃ဧကကျော် ပြန်လည်ရရှိသည့် ဥတ္တရသီရိမြို့နယ်၊ ပြည်တော်လင်းကျေးရွာနေ ဦးအောင်ကျော်မင်းက “ခုလိုပြန်ရတာဆိုတောာ့ ဝမ်းသာတာပေါ့။ တောင်သူတွေ အရင်တုန်းကဆိုရင် ကျီးလန့်စာစားနေရသလို ဖြစ်နေတာကိုး။ လုပ်သာ လုပ်နေရတယ်။ တပ်မြေအဖြစ် အသိမ်းခံရတယ်ဆိုတော့။ ခုလို နိုင်ငံတော်အစိုးရ အဖွဲ့အစည်းအနေနဲ့ အခုလို ယာယီပုံစံ(၃)ပေးတယ်။ ပြီးရင် ပုံစံ (၇)ပေးမယ်ဆိုတော့ ပျော်တာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

NLD အစိုးရသက်တမ်း နှစ်နှစ်ခွဲအတွင်း နေပြည်တော်တွင် တပ်မတော်မှ ပြန်လည်စွန့်လွတ်သည့် မြေများ ရှိခဲ့သော်လည်း ယခုအကြိမ် ပြန်လည်စွန့်လွတ်သည့် ပမာဏသည် အများဆုံးဖြစ်သည်ဟု သိရသည်။