သရုပ်ဆောင် စိုးမြတ်နန္ဒာက ဂုဏ်သိက္ခာအတွက် တရားစွဲမည်ဟုဆို

.

ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်   သြဂုတ်  ၂၀ ။             ။ သရုပ်ဆောင် စိုးမြတ်နန္ဒာက အများသိစေရန်ကြော်ငြာနှင့်ပတ်သက်ပြီး ဂုဏ်သိက္ခာကျဆင်းသည်ဟုဆိုကာ ယခုရက်ပိုင်းအတွင်း တရားစွဲဆိုရန် စီစဉ်နေသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလက သြဂုတ်လ ၂၀ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင် သရုပ်ဆောင် စိုးသူအား ချေးငွေ သိန်း ၃၀၀ ကျော် ပြန်ဆပ်ရန် ရန်ကုန်၊ မရန်းကုန်းမြို့နယ်၊ ၇ မိုင် တွင် နေထိုင်သူ ဦးကျော်ကျာ်ထွန်း က ထည့်သွင်း ကြော်ငြာရာတွင် သရုပ်ဆောင် စိုးမြတ်နန္ဒာအား ပူးတွဲဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ တရားစွဲဆိုမည်ဟု ဆိုခြင်း ဖြစ်သည်။

" အရင်ဆုံး ကိုစိုးသူဘက်က မစွဲသေးဘဲနဲ့ စိုးမြတ်နန္ဒာဘက်က တရားစွဲဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ စွဲဖို့ပြင်ဆင်နေတာ။ ဒါက တရားစွဲလို့ရတဲ့အခြေအနေတစ်ခု ရောက်သွားပြီပဲလေ။ စိုးမြတ်နန္ဒာက ဒီကိစ္စမှာ ဘာမှပတ်သက်မှုမရှိဘဲ စွပ်စွဲခံရတော့ ဂုဏ်သိက္ခာကျဆင်းတဲ့ အတွက် အမြန်ဆုံးစွဲဖို့တော့ စိုးမြတ်နန္ဒာဘက်က စီစဉ်နေတယ်။" ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောသည်။

ထိုသို့ တရားစွဲဆိုရန်ဆောင်ရွက်နေသည့်အပြင် ဂုဏ်သိက္ခာကျဆင်းစေသည်ဟုဆိုကာ နစ်နာကြေး ကျပ်သိန်း ၁၅၀၀၀ ကို ၇ ရက်အတွင်း ပေးရန် သြဂုတ်လ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် တုံပြန် ကြော်ငြာ ထည့်သွင်းလိုက်သည်။

ဖြစ်စဉ်မှာ ဦးကျော်ကျော်ထွန်းဆိုသူက ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာတွင် ၄င်း၏အကျိုးဆောင်ရှေ့နေများမှ တဆင့် သရုပ်ဆောင် စိုးသူအား ချေးငွေ သိန်း ၃၀၀ ကျော် ပြန်ဆပ်ရန် ကြော်ငြာထည့်သွင်းခဲ့သည်။

၂၀၁၅ ခုနှစ် ၊ ၈ လပိုင်းက သရုပ်ဆောင်စိုးသူနှင့် စိုးမြတ်နန္ဒာတို့ သည် ပေးဆပ်ရန်ရှိသည့် ကြွေးပူများ ကို ဦးကျော်ကျော်ထွန်းဆိုသူက စိုက်ရှင်းပေးခဲ့ကြောင်း၊ သို့ရာတွင် ပေးဆပ်ရန် ပျက်ကွက်သဖြင့် ပေးရန်ရှိငွေ ကျပ် သိန်း ၇၀၀ ကျော် (၇၅၇၅၅၈၀၀) အား မတ်လ ၇ ရက်တွင် ကျပ်သိန်း ၂၀၀၊ မေလ ၇ ရက်တွင် ကျပ်သိန်း ၂၀၀၊ ဇူလိုင်လ ၇ ရက်တွင် ကျပ်သိန်း ၂၀၀ ၊ စက်တင်ဘာလ ၇ ရက်တွင် ကျန်ရှိငွေ ၅၇၅၅၈၀၀ ကျပ်အား အရစ်ကျပြန်လည်ပေးဆပ်ရန် ကတိပြုစာချုပ် ချုပ်ဆိုခဲ့သည် ဟု ဖော်ပြခဲ့သည်။

ပထမအရစ်နှင့် ဒုတိယအရစ်ကိုသာ ပေးဆပ်ခဲ့ပြီး ကျန်ရှိငွေကို ယနေ့တိုင် လာရောက်မပေးသော ကြောင့်  ယနေ့မှစပြီး ၇ ရက်အတွင်း တတိယအရစ်ပေးဆပ်ရန်နှင့် ကျန်ငွေ ကျပ်သိန်း ၁၅၇ သိန်း ကျော်၊ စုစုပေါင်း သိန်း ၃၀၀ ကျော် ပေးဆပ်ရန် ကြေညာခဲ့ခြင်း ဖြစ်သည်။

အဓိက ဖြစ်သော သရုပ်ဆောင်စိုးသူနှင့် ပတ်သက်၍ စိုးသူကလည်း စာချုပ်သတ်မှတ်ရက်မတိုင်မီ ဖော်ပြသည် ဟု ဆိုကာ တရားစွဲသွားမည်ဟု ဆိုသည်။

" ကိုစိုးသူဘက်ကတော့ ကိုယ်အလုပ်မအားသေးတော့ အကုန်ပြိုင်ပြီး မစွဲနိုင်လို့ တစ်ယောက်က စ စွဲတာပဲ။ အားလုံး ဆင့်ကဲဆင့်ကဲ ဖြစ်သွားမှာပဲလေ။ တရားစွဲတဲ့ဟာက အမှုတွဲကို ပြင်ရတဲ့အခါမှာ အချိန်တွေ လိုအပ်မှု ရှိတယ်လေ။ တရားစွဲဖို့ကိစ္စကတော့ အမြန်ဆုံးစွဲဖို့ စီစဉ်ထားပါတယ်။ " တရားလွှတ်တော်ရှေ့နေ ဦးနေလက သြဂုတ်လ ၂၀ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

ဦးကျော်ကျော်ထွန်းဆိုသူသည် Striking Thunder Entertainment အမည်ဖြင့် မန္တလေးတွင် ကျင်းပခဲ့သော စိုးသူ၏ One Night Mandalay ဖျော်ဖြေပွဲအတွက် ပွဲစီစဉ်သူဖြစ်ပြီး စိုးသူ၏ "အမြတ်နိုးဆုံး မင်းအကြောင်းလေး " တေးစီးရီးအား ဖြန့်ချိခဲ့သူဖြစ်ကြောင်း သိရသည်။