အီဘရာဟီမိုဗစ်ဒဏ်ရာရရှိမှုက ဆွီဒင်အတွက်စိုးရိမ်စရာဖြစ်လာ

အီဘရာဟီမိုဗစ်ဒဏ်ရာရရှိမှုက ဆွီဒင်အတွက်စိုးရိမ်စရာဖြစ်လာ

စက်တင်ဘာ ၆၊ မော်စကို။ ။ တိုက်စစ်မှူးအီဘရာဟီမိုဗစ်သည် စနေနေ့က ရုရှနှင့်ကစားသောပွဲတွင် နောက်ကျောဒဏ်ရာရခဲ့ဖွယ်ရှိပြီး အင်္ဂါနေ့တွင် သြစတြီးယားနှင့်ကစားမည့်ပွဲကိုလွဲချော်ဖွယ်ရှိနေရာ ဆွီဒင်အသင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့ရသည်။

ရုရှအသင်းက ၁-၀ ဂိုးဖြင့်ဦးဆောင်နေချိန်တွင် အသက် ၃၃ နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်မှာ ပထမပိုင်းအပြီး၌ တွိုင်ဗိုနင် နှင့် လူစားလဲခဲ့ရသည်။

ပထမပိုင်းပွဲကစားချိန်အတွင်း ရုရှကစားသမား ဒီဇာကော့ဗ်နှင့် ထိခိုက်မိခဲ့ခြင်းဖြစ်ပြီး လာမည့်ပွဲအမီပြန်ကောင်းရန်မသေချာဟု အီဘရာဟီမိုဗစ်က ဝန်ခံခဲ့သည်။

"ကျွန်တော့်နံရိုးကိုထိမိသွားတာပါ။ ဒဏ်ရာက ဘယ်လောက်ကြာကြာခံစားရမလဲဆိုတာ တနင်္ဂနွေနေ့မှ သိမှာပါ"ဟု အီဘရာဟီ မိုဗစ်က ပြောသည်။

တိုက်စစ်မှူးကပွဲကိုဆက်ကစားချင်ခဲ့သော်လည်း ပိုမိုထိခိုက်နာကျင်မည် စိုးသောကြောင့် လူစားလဲခဲ့ခြင်းဖြစ်သည်ဟု နည်းပြ အဲရစ်ဟမ်ရန် က ပြောသည်။

"သူ့ဒဏ်ရာဘယ်လောက်ပြင်းလဲကျွန်တော်မသိပါဘူး။ သူဆက်ကစား ခဲ့သေးပေမယ့် ဒဏ်ရာကပိုနာလာပါတယ်။ ဆေးအဖွဲ့နဲ့မတွေ့ရသေးလို့ သူဘယ်လောက်နားရမယ်၊ သြစတြီးယားနဲ့ပွဲပါနိုင်မလားဆိုတာတော့ မသိသေးပါဘူး"ဟု အဲရစ်ဟမ်ရန်က ဆိုသည်။

ယင်းဒဏ်ရာမှာ အီဘရာဟီမိုဗစ်အတွက် ဒုတိယမြောက်ဒဏ်ရာဖြစ်ပြီး ဒူးဒဏ်ရာကြောင့် ပီအက်စ်ဂျီကလပ်အသင်း၏ ပြင်သစ်လိဂ်ရာသီအစပိုင်းပွဲများကို လွဲခဲ့သေးသည်။

၁-၀ ဂိုးဖြင့်အနိုင်ရသော ရုရှအသင်းမှာ ရမှတ် ၁၁ မှတ်ဖြင့် ဆွီဒင်အောက် တစ်မှတ်အကွာ အမှတ်ပေးဇယား တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ အဆိုပါအုပ်စု (ဆ)တွင် သြစတြီးယားအသင်းက ရမှတ် ၁၉ မှတ်ဖြင့် ဦးဆောင်နေသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly