ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မူးယစ်ဆေးဝါးများ ထပ်မံ ဖမ်းမိ

.

ဓာတ်ပုံ - Yangon Police

ရန်ကုန်။သြဂုတ် ၁၉ ။         ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားသို့ ထွက်ခွာမည့် ခရီးသည်တစ်ဦးထံမှ မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ်လ ၁၈ရက်နေ့ နံနက် ၉နာရီ ၅၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 Gate -3 ၌ မလေးရှားလေကြောင်းလိုင်း MH-741 လေယာဉ်ဖြင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်သို့ လိုက်ပါမည့် အမှတ်(၂၄၇)၊လမ်း(၃၀)၊ (၈)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သော အောင်ကိုကိုလင်း(ခ)ရဲလေး(၃၅)နှစ်၊ ကမန်/အစ္စလာမ်၏ ခရီးဆောင်အိတ်အား X-Ray စက်ဖြင့် ဖြတ်သန်း စစ်ဆေးခဲ့ရာ ငါးခြောက်ကြော်အထုပ်အတွင်း အပြာရောင်ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသော ပန်းရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားပါ အထုပ်(၇၀)ထုပ်နှင့် (၁၉၈)ပြားပါ အထုပ်(၈)ထုပ်၊ စုစုပေါင်း ၁၅၅၈၄ ပြားကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်အတွက် အောင်ကိုကိုလင်း(ခ)ရဲလေးအား မင်္ဂလာဒုံမြို့မရဲစခန်းမှ မူးယစ်(ပ)၄၄/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၁၉(က)/၂၀(ခ)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားလေကြောင်းလိုင်းခရီးစဉ်ဖြင့် လိုက်ပါမည့် ခရီးသည်၏ ခရီးဆောင်အိတ်အတွင်းမှ ဖိနပ်ဖြင့်ထည့်ထားသော WY နှင့် R စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၃၂၀၀)ပြားကို သြဂုတ်လ ၁၄ရက်နေ့ ည ၁၀နာရီ ၃၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့က ကြေညာထားသည်။