ရိုးရာလက်ဝှေ့ထူးချွန်အားကစားသမားများနှင့် အတိုးတက်ဆုံး ရိုးရာလက်ဝှေ့ကလပ်အသင်းအား ဂုဏ်ပြု

.

ရန်ကုန်  သြဂုတ်  ၁၉ ။           ။ ၂၀၁၇ ခုနှစ်အတွက် ထူးချွန်ရိုးရာလက်ဝှေ့အားကစားသမားများနှင့် အတိုးတက်ဆုံး ရိုးရာလက်ဝှေ့ ကလပ်တို့အား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို သြဂုတ်လ ၁၉ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ရိုးရာလက်ဝှေ့ပွဲများစီစဉ်ကျင်းပသည့် Great Tiger Group က တတိယအကြိမ်မြောက်ဂုဏ်ပြု ဆုချီးမြှင့် ခြင်းဖြစ်ပြီးပွဲစဉ်များတွင် အနိုင်ရလက်ဝှေ့အားကစားသမား ၂ ဦးနှင့် အတိုးတက်ဆုံးရိုးရာလက်ဝှေ့ကလပ် ၁ ခုကို ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

" ဒီလိုဆုတွေ ပေးဖြစ်တာကတော့ ဆုရတဲ့သူတွေကိုအားကျပြီး မျိုးဆက်သစ်တွေ ကြိုးစားအားထုတ်မှုရှိဖို့ အ တွက်နဲ့ ရိုးရာလက်ဝှေ့မှာ သရေပွဲများနေတဲ့အတွက် အလဲထိုးဆုတွေချီးမြှင့်ပေးတာပါ။ အလဲထိုးဆုရဖို့ ပွဲ တွေမှာ အလဲထိုးနိုင်စေဖို့ရည်ရွယ်ချက်တွေနဲ့ရယ် ဒီလိုအားကစားသမားတွေမွေးထုတ်ပေးတဲ့ ကလပ်အသင်း တွေကိုလည်း ဂုဏ်ပြုအားပေးတဲ့အတွက် ဆုချီးမြှင့်တာဖြစ်ပါတယ်။" ဟု Great Tiger Group ၏အဖွဲ့ဝင် ဦးစိုးမင်းက မဇ္ဈိမသို့ ပြောသည်။

Great Tiger Group အဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရိုးရာလက်ဝှေ့ပွဲ ၇ ပွဲ ကျင်းပခဲ့သည်။ ထို့ပြင် တစ်နှစ်ချင်းအလိုက်ပွဲစဉ်များနှင့် ထူးချွန်တိုးတက်သူများ၏အချက်အလက်များကို စုဆောင်း၍ ရိုးရာ လက်ဝှေ့ကျွမ်းကျင်ပညာရှင်များက အကဲဖြတ်ရွေးချယ်ကာ ၂၀၁၆ ခုနှစ်မှ စတင်၍ နှစ်စဉ် ဂုဏ်ပြုဆုများချီးမြှင့် ခဲ့သည်။

" ဒီပွဲကလည်း၂၀၁၇ ခုနှစ်အတွင်းထိုးခဲ့တဲ့ပွဲတွေကို ပေးတာပါ။ ဒီလိုဂုဏ်ပြုဆုချီးမြှင့်ပွဲတွေကို အများအားဖြင့် ၃ လပိုင်း ၄ လပိုင်းတွေ Great Tiger Group ထူထောင်တဲ့လတွေမှာပေးတာဖြစ်ပေမယ့် ဒီနှစ်ကအခြေအနေအရ အခုမှလုပ်ဖြစ်တာပါ။ နောက်နှစ်အတွက်လည်း ပေးနိုင်အောင်လည်း အချက်အလက်တွေပြုစုနေပါပြီ။" ဟု Great Tiger Group ၏အဖွဲ့ဝင် ဦးစိုးမင်းက ပြောသည်။

Great Tiger Group၏ တတိယအကြိမ်မြောက် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားတွင် အတိုးတက်ဆုံး ထူးချွန် လက်ဝှေ့အားကစားသမားဆုအဖြစ် မန္တလေးမြို့၊ ယူနိုက်တက်ကလပ်မှ ကျော်စွာဝင်း၊ အလဲထိုးပွဲစဉ် ထူးချွန် လက်ဝှေ့အားကစားသမားဆုအဖြစ် ရန်နိုင်ထွန်းနှင့် ထူးချွန်လက်ဝှေ့အားကစားသမားများကို မွေးထုတ်ပေး နိုင်သည့် သုံးပန်လှကလပ်မှဒေါ်မူမူတို့အား ဂုဏ်ပြုဆုချီးမြှင့်ငွေကျပ်၁၀ သိန်းကို အသီးသီးချီးမြှင့် ပေးခဲ့သည်။

ယင်းအခမ်းအနားကို မြန်မာလက်ခမောင်းကုမ္ပဏီမှ ဦးဇေသီဟနှင့် တိုင်းနယ်၊ ပြည်နယ်အသီးသီးမှ ရိုးရာလက်ဝှေ့ သမားများ၊ ရိုးရာလက်ဝှေ့ကလပ်အသင်းများနှင့် ရိုးရာလက်ဝှေ့ဝါသနာရှင်များ တက် ရောက်ခဲ့သည်။