အာဆင်နယ်နဲ့ပွဲမှာ ချဲလ်ဆီး အသင်းသားတွေရဲ့ နိုင်လိုစိတ် ပြင်းပြမှုကို နည်းပြ ဆာရီ ချီးကျူး

.

သြဂုတ် ၁၉ ။           ။ ယမန်နေ့က ကစားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ် ချဲလ်ဆီးအသင်းက အာဆင်နယ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းရဲ့ နိုင်လိုစိတ် ပြင်းပြမှုနဲ့ပတ်သက်လို့ ချဲလ်ဆီး အသင်းရဲ့ နည်းပြ မော်ရစ်စီယို ဆာရီက ချီးကျူးသွားခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ချဲလ်ဆီးတို့အနေနဲ့ ဦးဆောင်ဂိုး ၂ ဂိုး ရပြီးမှ ခံစစ်ကစားပုံ ယိုယွင်းမှုနဲ့အတူ ခြေပဂိုး ၂ ဂိုး ပြန်ခွင့်ပြုခဲ့ရလို့ နည်းပြ ဆာရီအတွက် နေမထိ ထိုင်မသာ အခြေအနေ  ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း မားကို့စ် အလွန်ဆိုရဲ့ နောက်ကျ အနိုင်ဂိုးကြောင့်သာ ဆာရီကို အသက်ရှုချောင်ခဲ့ရပြီး ပရီးမီးယားလိဂ် နှစ်ပွဲဆက်နိုင်ပွဲကိုပါ ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

ခုလိုမျိုး ပွဲစဉ်အတွင်း ခံစစ်ကစားပုံပိုင်းမှာ လိုအပ်ချက်ရှိခဲ့ပြီး စိုးရိမ်စရာ အခိုက်အတန့် နဲ့ ကြုံခဲ့ရပြီးမှ အနိုင်ရအောင် ကစားနိုင်ခဲ့တဲ့အတွက် ချဲလ်ဆီးအသင်းရဲ့ စိတ်ဓာတ် စွမ်းအားကို ဆာရီက ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခုလို အာဆင်နယ်အသင်းကို အနိုင်ရခဲ့တယ်ဆိုပေမယ့် သူ့အသင်းဟာ ချန်ပီယံဆုကို စိန်မခေါ်နိုင်သေးကြောင်း ဆာရီက ရှင်းလင်းပြောဆိုသွားခဲ့ပါသေးတယ်။

အထူးသဖြင့် ယမန်နေ့ ပွဲစဉ်မှာ အသင်းရဲ့ ပထမပိုင်း ပြီးခါးနီး ၁၅ မိနစ် ကစားပုံကို ဆာရီက ကျေနပ်အားရခြင်း မရှိခဲ့ဘဲ ခံစစ်ပြဿနာကို ဖြေရှင်းသွားရဖို့ ရှိကြောင်း ဆာရီက အာဆင်နယ်နဲ့ ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။