စေ့စပ်လိုက်ပြီဟု အတည်ပြုသွားတဲ့ ချိုပရာနဲ့ ဂျိုးနက်စ်

.

သြဂုတ် ၁၉ ။           ။ လအနည်းငယ်အကြာ အတူတွဲခဲ့ကြပြီးနောက် ယခုအခါ နှစ်ဦးသား စေ့စပ်လိုက်ကြပြီဖြစ်ကြောင်း အိန္ဒိယမင်းသမီး ပရီယန်ကာ ချိုပရာ နဲ့ အမေရိကန်အဆိုတော် နစ်ခ်ဂျိုးနက်စ် တို့ အတည်ပြုသွားခဲ့ကြပြီ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် အိန္ဒိယမင်းသမီး ပရီယန်ကာ ချိုပရာ နဲ့ အသက် ၂၅ နှစ်အရွယ် အမေရိကန်အဆိုတော် နစ်ခ်ဂျိုးနက်စ် တို့နှစ်ဦး ကတော့ ခုတလောမှာ လူပြောများနေတဲ့ စုံတွဲ ဖြစ်ပါတယ်။

အသက် ၁၀ နှစ်လောက် ကွာတဲ့ အဆိုပါ မမ နဲ့ မောင်လေး စုံတွဲကတော့ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်က မွမ်ဘိုင်းမှာ သီးသန့် စေ့စပ်ပွဲ အခမ်းအနားတစ်ခုကို ကျင်းပသွားခဲ့ကြပါတယ်။ အခမ်းအနားမှာ နှစ်ဦးစလုံးဟာ အိန္ဒိယ ရိုးရာ အ၀တ်အစားတွေ ၀တ်ဆင်ထားခဲ့ကြပါတယ်။

သူတို့ စုံတွဲရဲ့ စေ့စပ်ကြောင်းလမ်း သတင်းကတော့ ပြီးခဲ့တဲ့ သတင်းပတ်တွေကတည်းက  ကောလာဟလ ထွက်နေခဲ့ပေမယ့် ယခုအခါကျမှ နှစ်ဦးသား တရားဝင် အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

လက်ထပ်ပွဲ ဘယ်တော့ ဆင်နွှဲမယ်ဆိုတာကိုတော့ ထုတ်ဖော်ကြေညာခြင်း မရှိသေးပါဘူး။

မမ နဲ့ မောင်လေး စုံတွဲကတော့ သူတို့ရဲ့ စေ့စပ်ပွဲ အခမ်းအနားက ပုံတွေကို Instagram မှာ ဝေမျှ ခဲ့ကြပြီး ဂျိုနက်စ်ကတော့ ချိုပရာဟာ မကြာခင် မစ္စ ဂျိုနက်စ် ဖြစ်လာတော့မယ်လို့ပါ ပြောသွားပါတယ်။