ထိန်းချုပ်မှုမရှိသည့် ဒေါ်လာဈေးကွက်ကြောင့် မှောင်ခိုငွေကြေးဈေးကွက် လျော့ကျလာဖွယ်ရှိ

.

ရန်ကုန်၊ သြဂုတ် ၁၈ ။            ။ ဒေါ်လာဈေးကွက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထိန်းချုပ်ထားမှု ဖြေလျော့လိုက်ခြင်းကြောင့် နိုင်ငံခြားငွေ ဈေးကွက်မှ တရားမ၀င်ငွေလဲလှယ်ရောင်းချနေသူများကို တရားဝင်ဖြစ်ရန် ဆွဲခေါ်သွားနိုင်မည်ဖြစ်ကြောင်း ဒေါက်တာရှောင်တာနေးက ပြောသည်။

ဒေါက်တာရှောင်တာနေးသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေး အကြံပေးအဖြစ် တာဝန်ယူထားသူဖြစ်ပြီး သြဂုတ်လ ၁၇ ရက်နေ့ညပိုင်းတွင်   နိုဗိုတယ်ဟိုတယ်၌ပြုလုပ်သည့် "၂၀၁၈ မြန်မာ့စီးပွားရေးအပေါ်သုံးသပ်ချက်" ဟောပြောပွဲအပြီး မဇ္ဈိမကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်ထင်တာကတော့ လက်ရှိအထိန်းအကွပ်မရှိတဲ့ဒေါ်လာဈေးကွက်အရ အဲဒါကလည်းပဲ အရောင်း ကိုယ်စားလှယ်တွေကို တရားဝင်ဖြစ်အောင်တွန်းပို့တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီကနေ တရားဝင် ဖြစ်လာပြီး ဗဟိုဘဏ်ရဲ့စည်းမျဉ်းတွေနဲ့ ကြီးကြပ်မှုရှိလာနိုင်ပါတယ်။ ကျွန်တော်ထင်တာကတော့ ဒါက လုံလောက်တဲ့ ယှဉ်ပြိုင်မှုတစ်ခုပါ။ တကယ့်ကိုအထိန်းအကွပ်မရှိတဲ့အခြေအနေကနေ တရားဝင်ဖြစ်တဲ့ အခြေအနေနဲ့ ငွေကြေးဈေးကွက်ကိုပါ အခြေအနေကောင်းတစ်ခုကို ဆွဲခေါ်သွားနိုင်ပါလိမ့်မယ်" ဟု ဒေါက်တာရှောင်တာနေး က ဆိုသည်။

မြန်မာနိုင်ငံရှိ တရားမ၀င်ဒေါ်လာဈေးကွက်ကို တရားဝင်ဖြစ်ရန် ပြုလုပ်နိုင်ပါက အမှန်တကယ် နိုင်ငံခြားငွေ လဲလှယ်နေသည့် ငွေကြေးဈေးကွက်ကို ရရှိနိုင်မည်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

နိုင်ငံခြားငွေဖြစ်သည့် ဒေါ်လာဈေးသည် တဖြည်းဖြည်းမြင့်တက်လာသည်နှင့်အမျှ သြဂုတ်လ ၁၃ ရက်နေ့မှစ၍ နိုင်ငံခြားငွေရောင်းဝယ်ရာ ၀.၈ ရာခိုင်နူန်း အတိုးအလျော့လုပ်ရောင်းဝယ်ရန် အချက်ကို ဗဟိုဘဏ်မှ ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။

ထို့အတွက် နိုင်ငံခြားငွေဈေးကွက်မှာ လွတ်လပ်သည့်ဈေးကွက်ဖြစ်လာပြီး ၀ယ်လိုအားနှင့် ရောင်းလိုအားပေါ် မူတည်ကာ လုပ်ကိုင်ကြရမည့်အခြေအနေဖြစ်ကြောင်း လုပ်ငန်းရှင်တချို့မှ ပြောဆိုထားသည်။

ဗဟိုဘဏ်မှ ရည်ညွန်းချက်မပယ်ဖျက်ခင်ကာလများတွင် ပြည်တွင်းရှိ ဒေါ်လာဈေးကွက်ကို မှောင်ခိုဈေးကွက်မှ အဓိကချုပ်ကိုင်ထားပြီး မှောင်ခိုဈေးကွက်ကို တရားဝင်ဖြစ်စေရန်   ဆောင်ရွက်သင့်ကြောင်း မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်သူများနှင့်ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သြဂုတ်လ ၁၅ ရက်နေ့တွင် ပြောဆိုခဲ့သည်။

အဆိုပါ ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်ပမှ သွင်းကုန်အများဆုံးအသုံးပြုနေရသည့်မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်စည်ဈေးနှုန်းများ မြင့်တက်မှုများလည်း ရှိခဲ့သည်။

လက်ရှိ သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၅နာရီခန့်တွင် အမေရိကန်ဒေါ်လာဈေးသည် ဗဟိုဘဏ်တွင် ၁၄၉၈ ကျပ်ရှိနေပြီး ပုဂ္ဂလိကဘဏ်များတွင် ရောင်းဈေး ၁၅၁၅ ကျပ် မှ ၁၅၃၀ ကျပ် ၀န်းကျင်တွင်ရှိနေကာ ၀ယ်ဈေး ၁၄၉၀ ကျပ်မှ ၁၅၀၇ ကျပ် ပေါက်ဈေး ရှိနေသည်။ လိုင်စင်ရ ပြင်ပငွေလဲလှယ်ရေးဌာနများ၌ ၀ယ်ဈေး ၁၄၈၀ ကျပ် ရောင်းဈေး ၁၄၉၅ ကျပ် ပေါက်ဈေးဖြစ်ပေါ်နေသည်။