အိန္ဒိယ၏ ပဲဝယ်ယူမှု ပေါ်လစီအပြောင်းအလဲကြောင့် ပဲဈေးနှုန်းကျဆင်းနိုင်

.

သြဂုတ် ၁၈။ ။ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့သည့် မတ်ပဲနှင့် ပဲစဉ်းငုံကို သြဂုတ်လအထိသာ ၀ယ်ယူမည်ဟု သတ်မှတ်လိုက်ခြင်း ကြောင့် ပြည်တွင်းပဲဈေးနှုန်းများ ထပ်မံကျဆင်းစေနိုင်ကြောင်း ဒုတိယ သမ္မတ ဟင်နရီဗန်ထီးယူ ကပြောကြား သည်။

သြဂုတ်လ ၁၈ရက်က ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)တွင် ကျင်းပသော မြန်မာ့ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း စိုက် ပျိုး ထုတ်လုပ်တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"အိန္ဒိယနိုင်ငံရဲ့ ပဲမူဝါဒပြောင်းလဲမှုက မြန်မာနိုင်ငံတစ်ခုတည်းကိုပဲ ထိခိုက်တာ မဟုတ်ပါဘူး။ ကမ္ဘာ့ပဲအများဆုံး တင်ပို့တဲ့ နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ သြစတေးလျအပါအ၀င် ပဲတင်ပို့တဲ့ နိုင်ငံအများစုကို ထိခိုက်စေတာ ဖြစ်ပါ တယ်။ ကမ္ဘာ့ပဲဈေးကွက်ကို ထိခိုက်တယ်လို့လည်း ဆိုနိုင်ပါတယ်။ အိန္ဒိယနိုင်ငံက ဒီနှစ်ကိုတာကို သြဂုတ်လအထိသာ ၀ယ်ယူမယ်လို့ သတ်မှတ်လိုက်တဲ့အတွက် မိမိပဲမရောင်းလိုက်ရမှာ စိုးရိမ်ပြီး အလုအယက်ရောင်း ချတာမျိုး ဖြစ်လာပြီးတော့ ပြည်တွင်းဈေးနှုန်းတွေထပ်မံကျဆင်းစေတာကြောင့် ဒီလိုအခြေအနေကိုကျော်လွှားနိုင်အောင် ၀ိုင်းဝန်းဆွေးနွေးညှိနှိုင်း အဖြေရှာရမှာဖြစ်ပါတယ်" ဟု ဟင်နရီဗန်ထီးယူ ကပြောကြားသည်။

ကမ္ဘာ့ပဲဈေးကွက်တွင် အိန္ဒိယနိုင်ငံသည် နှစ်စဉ်တန်ချိန် ၁၀သန်းခန့်ရောင်းဝယ်မှုရှိခြင်းကြောင့် မြန်မာနိုင်ငံ သာမက ကမ္ဘာပဲဈေးကွက်ကိုလည်း ထိခိုက်နိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတင်ပို့မှုမှ နိုင်ငံခြာငွေအများဆုံးရရှိခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာ နှစ်တွင် အများဆုံးတင်ပို့သည့် မတ်ပဲ၊ ပဲစဉ်းငုံ ဈေးများ အိန္ဒိယနိုင်ငံ ပဲမူဝါဒအပြောင်းအလဲကြောင့် ဈေးနှုန်းများ ကျဆင်းလာပြီး ဒုတိယအများဆုံးသာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံကနေ အိန္ဒိယကို တင်ပို့နေတဲ့ မတ်ပဲနဲ့ ပဲစဉ်းငုံ ပို့ကုန်ဟာ ပြည်ပပို့ကုန်အားလုံးရဲ့အိန္ဒိ ယဟာ အင်မတန်မှအရေးကြီးတဲ့ တစ်ခုတည်းသော ၀ယ်လက်လို့ ပြောလို့ရပါတယ်။ တစ်ခြားနိုင်ငံတွေကို တင် ပို့နိုင်ဖို့အတွက်ဆိုရင်တော့ ကျွန်တော်တို့ဟာ အရေအတွက်ထက် အရည်အသွေးမြင့်တင်ရေးဟာ ပိုပြီးအရေးပါ တဲ့ကိစ္စဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရဘက်က ပံ့ပိုးပေးတဲ့အခါမှာ အရည်အသွေးမြင့်တင်ရေး ရှုထောင့်ကနေ ပံ့ပိုးမှုတွေ စဉ်းစားပေးဖို့လိုပါလိမ့်မယ်" ဟု စီးပွားရေးသုတေသီ ဒေါက်တာဇော်ဦး ကပြောသည်။

မြန်မာနိုင်ငံသည် အာရှတွင်ပဲ အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ပြီး ကမ္ဘာတွင် ကနေဒါနိုင်ငံပြီးလျှင် အများဆုံးတင် ပို့သည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏စိုက်ပျိုးမြေ ဧရိယာ ၂၁ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံစိုက်ပျိုးနေကြောင်း သိရ သည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ပဲမျိုးစုံနှင့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတို့ကို နှစ်စဉ် တန်ချိန် ၁သန်းမှ ၁.၂သန်း အထိ ပြည်ပသို့တင်ပို့ ရောင်းချနေပြီး အမေရိကန်ဒေါ်လာ ၁ဘီလီယံကျော်ရရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။