မောင်တောတွင် ဂျင်းကားပေါ်မှ ကျပ်သိန်းပေါင်း ရှစ်သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းမိ

.

သြဂုတ် ၁၈ ။        ။ ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများကို ရခိုင်မြောက်ပိုင်း၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာ တံတားအနီးတွင် ဂျင်းစိမ်းများ တင်ဆောင် လာသည့် ကုန်ကားပေါ်မှ ဖမ်းဆီးရရှိခဲ့သည်။

သြဂုတ်လ ၁၇ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဖမ်းမိခဲ့သည့် အဆိုပါ မူးယစ်ဆေးဝါးများကို သတင်းအရ ဖမ်းမိခဲ့ခြင်း ဖြစ်သော်လည်း သယ်ဆောင်လာသူမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်ဟု မောင်တောမြို့မရဲစခန်းမှ သိရသည်။

“မောင်တော ရွှေဇားတံတားနားမှာ ဖမ်းမိတာပါ။ သတင်းအရ ဖမ်းဆီးတာဖြစ်ပါတယ်။ ကုန်ကားကို စစ်ဆေးတဲ့အခါ ကျနော်တို့ မိတာပါ။ ဘယ်ကနေလာတယ်။ ဘယ်ကိုသွားမယ်ဆိုတာတွေနဲ့ တရားခံကို ကျနော်တို့ စုံစမ်းစစ်ဆေးနေတုန်း ရှိပါသေးတယ်။”ဟု မောင်တောမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်မျိုးထက်က ပြောသည်။

ယင်းခု ဖမ်းဆီးရရှိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက်မှာ ၂ သိန်း ၇ သောင်းကျော်ဖြစ်ပြီး ကာလတန်ဖိုးပေါက်ဈေးမှာ ငွေကျပ်သိန်းပေါင်း ၈ သောင်းကျော် ဖြစ်သည်။

ရခိုင်မြောက်ပိုင်းဒေသဖြစ်သော မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၁၄ ရက်နေ့အထိ စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက်ပေါင်း သိန်းတစ်ရာကျော်နှင့် အတူ တရားခံ (၁၂၈) ဦးကိုလည်း ဖမ်းဆီးအရေးယူထားကြောင်း သြဂုတ်လ ၁၅ ရက်နေ့တွင် အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။