ဂျူဗင်တပ်စ်အသင်းမှာ နှစ်ပေါင်း ၂၅ နှစ်ကြာ ကစားပြီးနောက် အသင်းနဲ့ လမ်းခွဲလိုက်တဲ့ မာချီဆီယို

.

(ဓာတ်ပုံ - အီးပီအေ)

အီတလီကွင်းလယ်ကစားသမား မာချီဆီယိုဟာ ဂျူဗင်တပ်စ်အသင်းမှာ နှစ်ပေါင်း ၂၅ ကြာကစားခဲ့ပြီးနောက် အသင်းနဲ့ အပြန်အလှန်သဘောတူညီချက်ဖြင့် စာချုပ်ဖျက်သိမ်းက လမ်းခွဲလိုက်ကြောင်း သိရပါတယ်။

သူဟာ ဂျူဗင်တပ်စ်ရဲ့ လူငယ်အသင်းမှာ ၇ နှစ်အရွယ်ကတည်းက စတင်ကစားခဲ့ပြီး နောက်ပိုင်း အသက် ၂၀ အရွယ်မှာ ပထမအသင်းကြီးနဲ့ ၂၀၀၆ ခုနှစ်မှာ ပူးပေါင်းခဲ့ပါတယ်။

တူရင်ကစားသမားဟာ ၂၀၁၆ ခုနှစ်၊ ဧပြီလက ဒူးဒဏ်ရာ ဆိုးရွားစွာ ရရှိခဲ့ပြီး ၆ လခန့် အနားယူခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပွဲ ၂၀ သာ ကစားခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် မာချီဆီယိုဟာ ဂျူဗင်တပ်စ်အသင်းအတွက် ပွဲပေါင်း ၃၈၉ ပွဲကျော် ကစားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားထားခဲ့တဲ့ ကစားသမားစာရင်းမှာ ၁၈ ဦးမြောက်အဖြစ် မှတ်တမ်းဝင်ထားပါတယ်။

သူဟာ ယခုနွေရာသီအပြောင်းအရွှေ့မှာ ဂိုးသမားကြီး ဘူဖွန် နောက်ပိုင်း ဂျူဗင်တပ်စ်အသင်းကနေ အပြီးသတ် ထွက်ခွာခဲ့တဲ့ ဝါရင့်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Ref; EFE-EPA