NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ကမ်းဝေး ငါးဖမ်းလှေများ ရာသီပြန်စ ၊ VMS တပ်ဆင်ရန် အစိုးရမှ ပြန်ဖြေလျှော့ပေး

.

မြိတ်၊ သြဂုတ်လ ၁၇ ။          ။ မြိတ်ဒေသတွင် သြဂုတ်လ ၁၆ ရက်နေ့မှ စ၍ ပင်လယ်ပြင်သို့ ကမ်းဝေး ငါးဖမ်းရေယာဉ်များ  အစီးရေ ၄၀၀ ကျော် ငါးဖမ်းလုပ်ကွက်များသို့ စတင်ထွက်ခွာနေပြီး ဖြစ်ကြောင်း ရေလုပ်ငန်းရှင်များထံမှ သိသည်။

ယခုနှစ် ၂၀၁၈- ၂၀၁၉ ငါးဖမ်းရာသီ၌ ကမ်းဝေးငါးဖမ်း ရေယာဉ်များတွင် Vessel Monitoring System (VMS) တပ်ဆင်ပြီးမှသာလျှင် ကမ်းဝေးငါးဖမ်းလိုင်စင်ကို ထုတ်ပေးမည်ဟု အစိုးရမှ ညွှန်ကြားချက် ထုတ်ပြန် ထားသော်လည်း ငါးဖမ်းလှေများတွင် တပ်ဆင်နိုင်ရန် အဆင်သင့် မရှိသေး၍ ပြန်ဖြေလျှော့ပေးလိုက်ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးထံမှ သိရသည်။

“VMS စနစ် စက်ကိရိယာကို တပ်မယ်ဆိုလျှင် အီးယူနိုင်ငံက လက်ခံပြီးသားလည်း ဖြစ်ရပါမယ်၊ လုပ်ငန်းရှင် တွေ ဘက်ကလည်း သုံးနိုင်တဲ့ အနေအထားလည်း ရှိရမယ်၊ ကုန်ကျစရိတ်လည်း သက်သာရမှာပေါ့ ။ အဲ့ဒီလိုမျိုး အဆင်သင့်ဖြစ်မှ လုပ်ငန်းရှင်တွေက တပ်လို့ ရမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ မြိတ်ခရိုင်ထဲမှာ ရှိတဲ့ လုပ်ငန်းရှင်များအနေနဲ့ကတော့ အားလုံးက တပ်ဖို့ အဆင်သင့်ပါပဲ။ ဒါမှလည်း ရေသယံဇာတကို ထိန်းသိမ်းသွားမှာ ဖြစ်သလို အီးယူနိုင်ငံကလည်း လက်ခံထားလို့ သဘောတူပြီးသား ဖြစ်တယ်”ဟု မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှ အတွင်းရေးမှူး ဦးသောင်းမြင့်က ပြောသည်။

မြိတ်ခရိုင်အတွင်း ကမ်းဝေး ငါးဖမ်းရေယာဉ် ၇၇၆ စီးခန့် ရှိကာ ပြီးခဲ့သည့် ငါးမွေးရာသီတွင် ၁၅ ရက်ထက် စော၍ ငါးဖမ်းဆီးမှု ကြိုနားထားသည့် ရေယာဉ် ၄၀၀ စီး ကျော်သည်၊ ယခုလ သြဂုတ်လ ၁၆ ရက်နေ့တွင် ငါးဖမ်းလုပ်ကွက်သို့ ပြန်လည် ထွက်ခွာသွားပြီး ဖြစ်ရာ စတင်ဘာလ ၁ ရက်နေ့တွင် ရေယာဉ် အားလုံးနီးပါး ပင်လယ်ပြင်သို့ ထွက်ခွာမည် ဖြစ်သည်။

ယခုနှစ် ငါးဖမ်းရာသီတွင် ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ရန် အခု ရက်ပိုင်း မြိတ်ဆိပ်ကမ်းတွင် ရေခဲ၊ စက်သုံးဆီ များနှင့် စားနပ်ရိက္ခာများကို ရေယာဉ်အများစု ပြင်ဆင်လျက် ရှိနေသည်။

ရေလုပ်ငန်းကို အဓိက လုပ်ကိုင်နေသည့် ရေလုပ်သားများသည်၊ ငါးမွေးရာသီမှာ ငါးဖမ်းဆီးခွင့် ၃ လ ပိတ်ထား ရာမှ အလုပ်လက်မဲ့ ဖြစ်ခဲ့ပြီး၊ အချို့ ရေလုပ်သားများသည်၊ အဆင်ပြေရာ ကျပန်း လုပ်ငန်းများကို လုပ်ကိုင်သူ ရှိသလို အချို့က မည်သည့် အလုပ်ကိုမှ မလုပ်ကိုင် တတ်၍ စားဝတ်နေရေး အတွက် လွန်စွာ ခက်ခဲမှု ရှိခဲ့ကြောင်း ရေလုပ်သားများထံမှ သိရသည်။

ကမ်းဝေး ငါးဖမ်းရေယာဉ်များတွင် Vessel Monitoring System (VMS) စနစ် စောင့်ကြည့် ကိရိယာ သည်၊ ယခုနှစ်မှာ တပ်ဆင်နိုင်ရန် အဆင်သင့် မဖြစ်သေး၍ အစိုးရက ပြန်လည် ဖြေလျှော့ ပေးကာ ၂၀၁၈- ၂၀၁၉ ကမ်းဝေး ငါးဖမ်းလိုင်စင်ကိုလည်း ထုတ်ပေးလိုက်ပြီး ဖြစ်ကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးထံမှ သိရသည်။

ထက်ထက်ပိုင် ၁၁၇ ငါးဖမ်းရေယာဉ်တွင် ပဲ့နင်း (ငါးဆရာ) ဦးမင်းအောင်က” ကမ်းဝေး ငါးဖမ်းလှေတွေ ၃ လလောက် ပိတ်ထားတဲ့ အချိန်မှာ ကျွန်တော်တို့ ပဲ့နင်း (ငါးဆရာ) တွေက အလုပ်မရှိပေမယ့် အခက်အခဲတော့ မရှိပါဘူး၊ ဒါပေမယ့် ပိုက်ဆွဲ ရေလုပ်သားတွေက လခစားဆိုတော့ အလုပ်ပိတ်ထားတဲ့ အချိန်မှာ အခက်အခဲတွေ ဖြစ်ကြတာပေါ့”ဟု ပြောသည်။

Vessel Monitoring System (VMS) စနစ် စက် ကိရိယာကို မြန်မာနိုင်ငံရှိ ရေလုပ်သားများက လက်ရှိမှာ အတွေအကြုံ မရှိသေး၍ လည်းကောင်း စက်ကို တပ်ဆင်ပြီးပါက အသုံးပြုနိုင်ဖို့ ခက်ခဲနိုင်ကြောင်း ယင်း စက်ကို လေ့လာနိုင်ဖို့ အချိန်ပေး ရဦးမည်ဟု ပဲ့နင်း (ငါးဆရာ) များက ပြောဆိုသည်။

“ဒီနှစ်က VMS စနစ်ကို တပ်ဆင်ဖို့ အဆင်သင့် မဖြစ်သေးလို့ လုပ်ငန်းရှင်တွေကို ပြန်လည် ဖြေလျှော့ ပေးလိုက်တာပါ၊ ဖြေလျှော့ပေးတဲ့ အထဲမှာ လိုင်စင်သက်တမ်းကိုတော့ ပြန်တိုးပေး လိုက်တာပါ အဲ့ဒီ လိုင်စင်စာအုပ်ထဲမှာ တစ်ခါတည်း နောက်နှစ် ၂၀၁၉- ၂၀၂၀ မှာ VMS စက်ကို အပြီးတပ်ဆင်ရမယ်”လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးသန့်က ပြောသည်။

ကမ်းဝေး ငါးဖမ်းရေယာဉ်များတွင် Vessel Monitoring System (VMS) နှင့် Turtle Exclude Device တပ်ဆင်ခြင်း ဆိုင်ရာကို ရေလုပ်ငန်းရှင် အများစုက သဘောတူ လက်ခံ ထားပြီး၊ လာမယ့် ၂၀၁၉- ၂၀၂၀ ခုနှစ် ငါးဖမ်းရာသီမှာ အပြီး တပ်ဆင်ရမည်ဟု မြိတ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနရုံးက ထုတ်ပြန်ထားကြောင်း ရေလုပ်ငန်းရှင်များထံမှ သိရသည်။