တရားမ၀င် ဝင်ရောက်လာသူများ နှင့် ခေါ်ဆောင်လာသူများကို ရေကြည်မြို့နယ်တွင် ဖမ်းဆီးရမိ

.

 ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဩဂုတ် ၁၇ ။            ။ ကျောက်တော်မြို့နယ်၊ ရွာညာကျေးရွာမှ လူ ၄ ဦးကို ငွေကျပ် ၁၁ သိန်း ရယူကာ တရားမ၀င် ခေါ်ဆောင်လာခဲ့ သူများအား ရေကြည်မြို့နယ်၊ ရေနံ့သာကျေးရွာအနီးရှိ   ရေနံ့သာစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ရေကြည်မြို့နယ်၊ ရေနံ့သာ ကျေးရွာ အနီးရှိ ရေနံ့သာစစ်ဆေးရေးဂိတ်၌ ဂွမြို့ဘက်မှ ငါးသိုင်းချောင်းမြို့ဘက်သို့   ကျော်မင်း(၃၁)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက်  ခင်မောင်စိုး(၂၉)နှစ် လိုက်ပါလာသော DD/×××× Bongo ယာဉ်အား စစ်ဆေးခဲ့ရာ ကျောက်တော်မြို့နယ်၊ ရွာညာကျေးရွာနေ ဇီရာဘူရာမောက်(၂၇)နှစ်နှင့် ၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူ ၄ ဦးအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အရေးယူနိုင်ရေး လွှဲပြောင်းထားရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

ယာဉ်မောင်းနှင်သူဖြစ်သော ကျော်မင်း(၃၁)နှစ် ကျောက်ဖြူမြို့နယ်၊ စေတီတောင်ရပ်ကွက်နေသူနှင့်  ယာဉ်နောက်လိုက် ခင်မောင်စိုး(၂၉)နှစ် ကျောက်ဖြူမြို့နယ်၊ မျှင်ချောင်းကျေးရွာတွင် နေထိုင်သူတို့သည် မွတ်စလင် ၄ ဦးအား ကျောက်တော်မြို့နယ်၊ ဘုတလင် ကျေးရွာမှ သာကေတမြို့နယ်၊ (၆)ရပ်ကွက်နေ ဒေါ်အေးသောင်း(ခ)မိမိ(ခ)အကြိုင်ထံသို့ ကျပ် ၁၁ သိန်းဖြင့် ပို့ဆောင်ရန်ခေါ်ဆောင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

ကျောက်ဖြူမြို့နယ်၊ ငလပွေ့ကျေးရွာတွင် နေထိုင်သော ဒေါ်အေးသောင်း(ခ)မိမိ(ခ)အကြိုင်နှင့် မြင့်ရွှေ (ခ) နေမင်းဇော်တို့သည် ဂွမြို့ဗေဒါစစ်ဆေးရေးဂိတ်၌  တရားမ၀င် ခိုးဝင်လာသော လူ ၃ ဦးအား တင်ဆောင်လာသည့် ယာဉ်နှင့်အတူ ဖမ်းဆီးခံထားရကြောင်း ထပ်မံ၍ စစ်ဆေးသိရှိခဲ့ရသည်။

အဆိုပါအမှုမှ ကျော်မင်း၊ ခင်မောင်စိုး နှင့် ဒေါ်အေးသောင်း(ခ)မိမိ(ခ)အကြိုင်၊ မြင့်ရွှေ(ခ)နေမင်းဇော် တို့ ၄ ဦး ကို ကုန်းပြင်နယ်မြေရဲစခန်းမှ (ပ)၉၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇/၁၁၄ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  သတင်းထုတ်ပြန်ခဲ့သည်။