ဂျပန်ယာကူဇာများက အုပ်စုအသစ်ဖွဲ့စည်းလိုက်သောကြောင့် ဂိုဏ်းဂဏစစ်ပွဲများ ဖြစ်ပေါ်နိုင်ခြေအပေါ် စိုးရိမ်မှုများ ထွက်ပေါ်

ဂျပန်ယာကူဇာများက အုပ်စုအသစ်ဖွဲ့စည်းလိုက်သောကြောင့် ဂိုဏ်းဂဏစစ်ပွဲများ ဖြစ်ပေါ်နိုင်ခြေအပေါ် စိုးရိမ်မှုများ ထွက်ပေါ်

တိုကျို၊ စက်တင်ဘာ-၆ ။ ။ နိုင်ငံ၏ အကြီးမားဆုံး လူဆိုးဂိုဏ်းကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီးနောက် ထောင်ပေါင်းများစွာသော ဂျပန် ယာကူဇာဂိုဏ်းဝင်များက အုပ်စုသစ်တစ်ခုကို တရားဝင် ဖွဲ့စည်းလိုက်သောကြောင့် ဂိုဏ်းတွင်းပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာနေသည်ဟု စက်တင်ဘာ၆ရက်က သတင်းများတွင် ဖော်ပြထားသည်။

ဂိုဏ်းငယ် ၁၃ခုမှ ခေါင်းဆောင်များက အဖွဲ့ဝင် ၂၃၀၀ရှိသည့် ဂျပန်၏ အကြီးမားဆုံး ယာကူဇာအုပ်စုဖြစ်သည့် ယာမာဂူချီ ဂူမီဂိုဏ်းစုကို စတင်ဖွဲ့စည်းခဲ့ကြပြီး ၎င်းတို့၏ ပထမဆုံး တရားဝင်အစည်းအဝေးကို အနောက်ပိုင်း ကိုဘေးမြို့တွင် စက်တင်ဘာ ၆ရက်နေ့က ကျင်းပခဲ့သည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

ယိုမီယူရီ ရှင်ဘွန်းသတင်းစာ၏ ရေးသားချက်အရ နှင်ထုတ်ခံရသည့် ဂိုဏ်းများအနက် တစ်ခုမှာ ယာမာကင် ဂူမီဟု သိထားကြသည့် အဖွဲ့ဝင် ၂၀၀၀ရှိသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး ထိုဂိုဏ်း၏ ခေါင်းဆောင်ကိုပင် ယခုအသစ်ဖွဲ့လိုက်သော ဂိုဏ်းစုအသစ်ကို ခေါင်းဆောင်ရန် ရွေးချယ်လိုက်ကြသည်ဟု ဆိုသည်။

သို့ရာတွင် ပြိုင်ဘက်ဂိုဏ်းတွင်လည်း အဖွဲ့ဝင်ပေါင်း ၃၀၀၀နီးပါးရှိသည်ဟု ယိုမီယူရီက ဖော်ပြထားသည်။

အီတလီမှ မာဖီးယား၊ တရုတ်မှ လျှို့ဝှက်ဂိုဏ်းများကဲ့သို့ပင် ယာကူဇာများမှာလည်း လောင်းကစား၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာလုပ်ငန်းများမှ ငွေတိုးချေးအမြတ်ကြီးစားမှုနှင့် ကော်လာဖြူရာဇဝတ်မှုများအထိ မသမာသည့် အလုပ်မျိုးစုံကို လုပ်ကိုင်နေကြသည်။

သို့ရာတွင် နိုင်ငံတကာမှ လူဆိုးဂိုဏ်းများနှင့် မတူသည့်အချက်မှာ ယာကူဇာများမှာ တရားမဝင်မဟုတ်ကြဘဲ အုပ်စုတိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင် ရုံးချုပ်များ ရှိကြသည်။

အကွဲအပြဲကြောင့် ဂိုဏ်းဂဏ အကြမ်းဖက်မှုများ လှိုင်းလုံးသဖွယ် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာနိုင်ရာ ဂျပန်ရဲတပ်ဖွဲ့က တစ်နိုင်ငံလုံးကို တပ်လှန့်ထားလိုက်ပြီး၊ နိုင်ငံ၏ စီရင်စုနယ် ၄၇ခုနှစ် အထူးအရာရှိများနှင့် အရေးပေါ်အစည်းအဝေးတစ်ရပ်လည်း ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly