ရွှေဂူကြီးဘုရားဝင်း သာသနာ့နယ်မြေမှာ မူးယစ်ဆေးဝါးသုံးစွဲသည့် နေရာဖြစ်နေဟု နာယက ဆရာတော်မိန့်ကြား

.

မန္တလေး ၊ သြဂုတ် ၁၇ ။           ။ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေဂူကြီးဘုရားဝင်း သာသနာ့နယ်မြေမှာ မူးယစ်ဆေးဝါးသုံးစွဲသည့် နေရာဖြစ်နေ ကြောင်း ရွှေဂူကြီးကျောင်းတိုက် နာယကဆရာတော် ဦးသြသဓက မိန့်ကြားသည်။

ရွှေဂူကြီးဘုရားဝင်းအတွင်းတွင် မူးယစ်ဆေးဝါး လာရောက်သုံးစွဲနေသော လူငယ်များ များပြားလျှက်ရှိနေခြင်း ကြောင့် ကျောင်းတိုက်နေဆရာတော်၊ သံဃာတော်များနှင့် အနီးပတ်ဝန်းကျင် အိမ်များမှာ လုံခြုံရေးအတွက် စိုးရိမ်မှုများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

"ရှေးဟောင်းနေရာဆိုတော့ မရှိစေချင်ဘူး။ မအပ်စပ်ဘူးလေ။သက်ဆိုင်ရာကိုလည်း ပြောတာပဲ။ လုပ်မပေး ပါဘူး။ ဒီသာသနာ့နယ်မြေက မူးယစ်သုံးတဲ့နေရာဖြစ်နေတယ်။"ဟု ရွှေဂူကြီးကျောင်းတိုက် နာယကဆရာတော် ဦးသြသဓက မိန့်ကြားသည်။

ထိုသို့ မူးယစ်ဆေးဝါး လာရောက်သုံးစွဲသူများရှိနေခြင်းကြောင့် ကျောင်းတိုက်အတွင်းရှိ ဘုရားများ နှင့် ရှေးဟောင်း အုတ်ကျောင်းသို့ လာရောက်ကြသူများ၏ ဆိုင်ကယ်များလည်းပျောက်ဆုံးမှုများရှိနေပြီး ရှေးဟောင်းဘုရားများ ခိုးယူခံရမည်ကိုလည်း ဆရာတော် သံဃာတော်များက စိုးရိမ်လျှက်ရှိခြင်းကြောင့် အမြဲစောင့်ကြည့်နေရကြောင်း ဆရာတော်၊သံဃာတ်ာများက မိန့်ကြားသည်။

မူးယစ်ဆေးသုံးစွဲမည့်သူများသည် ၎င်းကျောင်းတိုက်ဝင်းအတွင်းသို့ ည ၉ နာရီကျော်လျှင် ရောက်ရှိကြပြီး ဆေးဝါးများကို သုံးစွဲကာ ဆေးထိုးအပ်များကို ကျောင်းတိုက်ဝင်းအတွင်းမှာပင် စွန့်ပစ်ထားခဲ့ကြကြောင်း သိရသည်။

"နေ့ခင်းပိုင်းတော့ ဆေးသုံးတဲ့သူတွေ မလာဘူး။ ညနေပိုင်းနဲ့ ညပိုင်းတွေလာတယ်။ ဘုရားအုတ်တံတိုင်းနားမှာ ဆေးထိုးအပ်တွေအများကြီးပဲ။ ဟိုနေ့ကပဲ မီးရှို့လိုက်တာတွေရှိတယ်။ မရှိစေချင်ဘူးပေါ့ဗျာ။" ဟု ဘုရားအနီး နေထိုင်သူ ဦးမင်းကပြောသည်။

ဆရာတော်၊ သံဃာတော်များနှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများက ဘုရားဝင်းအတွင်း လာရောက် မူးယစ်ဆေးသုံးစွဲနေသူများကို သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာ တားဆီးပေးစေလိုကြောင်း မိန့်ကြား၊ ပြောဆိုနေကြသည်။

မူးယစ်ဆေးသုံးစွဲသူအများစုသည် ရွှေကူနီဘုရားဝင်းအတွင်းမှာရှိသည့် ရွှေဆင်တိုင်းဘုရား၏ စနေထောင့်တွင် လာရောက်ကြပြီး ၎င်းအနီးအုတ်တံတိုင်းခြေများနှင့် ဘုရားအနီးတွင် သုံးစွဲပြီး ပစ္စည်းများကို ပစ်ထားခဲ့ ကြကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်များအတွက် အမရပူရမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။