အခြေခံ စားသောက်ကုန်များအပါအ၀င် ပြည်ပမှသွင်းသော စားသောက်ကုန်အချို့၊ဆေးများ ဈေးတက်

.

ရန်ကုန်၊ သြဂုတ် ၁၇ ။             ။ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ အာလူး တို့ ဈေးကွက်အတွင်း အပြောင်းအလဲများ ဖြစ်ပေါ် နေပြီး ဈေးနှုန်းအတက်များ ရှိနေကြောင်း စားသောက်ကုန်စည်ဒိုင်များထံမှ သိရသည်။

ဒေါ်လာဈေးမြင့်တက်မှုနှင့် ရေကြီးနစ်မြှုပ်မှုများကြောင့် ပြည်တွင်းရှိကုန်ဈေးနှုန်းအချို့မြင့်တက်နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အချို့ ကုန်ပစ္စည်းများမှာ ဒေါ်လာဈေးတက်မှုနှင့် မသက်ဆိုင်သည်ဟု ယူဆသူများလည်း ရှိနေသည်။

"ဆီဈေး(စားအုန်းဆီ)က နည်းနည်းတက်နေတယ်။ အခု နည်းနည်းပြန်ငြိမ်သွားပါပြီ။ မနေ့က နောက်ဆုံးဈေးက အတက်ဆုံးပဲ ပေါ့။ ၁၇၀၀ ကျော်ကျော်လောက် ရှိတာပေါ့။ ၁၆၀၀ ကနေ ၁၇၀၀ ကို ၁၀၀ လောက် တက်သွားတာပေါ့" ဟု ညောင်ပင်လေးဈေးမှ ဦးဖိုးချို (ဆီရောင်းဝယ်ရေး)က ပြောသည်။

စားအုန်းဆီကို  ပြည်ပမှ တင်သွင်းနေသူများရှိနေပြီး ဒေါ်လာဈေးအတက်ကြောင့် ဈေးနှုန်းတက်သွားသည်များ ရှိနေသော်လည်း ပြည်တွင်းပဲဆီမှာမူ ဈေးနှုန်းငြိမ်လျှက်ရှိသည်။

လက်ရှိ သြဂုတ်လ ၁၇ ရက် ဈေးကွက်ပေါက်ဈေးအရ စားအုန်းဆီ တစ်ပိသာလျှင် ၁၇၀၀ ကျပ် သို့ တက်သွား ပြီး အမြင့်ဆုံး ၁၉၀၀ ကျော်ထိ တက်သွားခဲ့ဖူးကာ ပဲဆီ တစ်ပိသာလျှင် ၃၄၀၀ မှ ၆၀၀၀ ကျပ်အထိ အစားစား အထိ ရှိသည်။

"စားအုန်းဆီကျတော့ ဒေါ်လာဈေးအတက်အကျပေါ်နည်းနည်းမူတည်တာပေါ့ သူက။ ဒီနေ့တော့ နည်းနည်း အေးတယ် ထင်ပါတယ်။ ဟိုရက်ပိုင်းက ဒေါ်လာဈေးကနည်းနည်းမြင့်တော့ ဆီဈေးကလည်း နည်းနည်း လိုက်မြင့်သွားတာပေါ့နော်။ ဟိုတစ်ပတ်လောက်ကဆိုရင် ၁၉၀၀ လောက်ထိအောင်ရှိသွားတယ်" ဟု ဖြိုးပြည့် ဆီရောင်းဝယ်ရေးမှ ဒေါ်နှင်းနှင်းမြတ်က ပြောသည်။

အခြေခံစားကုန်ဖြစ်သော ဆန်ဈေးသည်လည်း အတက်ရှိနေပြီး ဆန်းစပါး စိုက်ပျိုးသော ဒေသအများစုတွင် ရေကြီးနစ်မြှုပ်မှုများ ဖြစ်ပေါ်ခဲ့၍ ဖြစ်သည်။

"ဘယ်ဆန်အမျိုးအစားက တက်သလဲဆိုတော့ ရွှေဘိုတို့ဘာတို့က တက်သွားတာပေါ့။ ရွှေဘိုက အရင်တုန်းက ၅ သောင်း ကျော်ကျော်ပဲ ရှိတာ။ အခုက ၆ သောင်းကျော်နေပြီ။ အဲဒီလိုသဘောမျိုး အမေကြီးတို့ဆို အများကြီး ၀ယ်မရောင်းနိုင်ဘူး။ ၅ အိတ် လောက်ပဲ ကုန်မှ ၀ယ်ရောင်းတယ်" ဟု ကုန်စည်ဒိုင်ဈေးဖြစ်သော ညောင်ပင်လေးဈေးမှ ဒေါ်နီနီ (မိသားစု ဆန်ရောင်းဝယ်ရေး)က ဆိုသည်။

သြဂုတ်လ ၁၇ ရက်တွင် ငစိန်ဆန် တစ်အိတ်လျှင် ၂၃၀၀၀ ကျပ် နှင့် ၂၇၀၀၀ ကျပ်အထိ၊ ပေါ်ဆန်းသစ်ဆန် တစ်အိတ်လျှင် ၄၃၀၀၀ ကျပ် နှင့် ၅၀၀၀၀ ကျပ် အထိ ရှိနေပြီး အာလူး ၁၀ သားလျှင် ၄၀၀ ကျပ်မှ တစ်ပိဿာ ၈၂၅ ကျပ် အသီးသီး ရှိနေသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် သြဂုတ် ၁၃ နေ့တွင် အာလူး ၁၀ သား လျှင် ၂၀၀ ကျပ်မှ တစ်ပိဿာလျှင် ၇၇၅ ကျပ် ၊ ငစိန်ဆန် တစ်အိတ်လျှင်၂၂၅၀၀ ကျပ်၊ ပေါ်ဆန်းသစ် တစ်အိတ်လျှင်  ၄၂၅၀၀ ကျပ် နှင့် ၄၉၀၀၀ ကျပ်အတွင်း ဈေးအသီးသီးရှိနေသည်။

ထို့ကြောင့် ဈေးနှုန်းကွာခြားမှုများ ရှိခဲ့ပြီး အခြေခံစားကုန် ကြက်သွန်ဈေးမှာမူ ဈေးငြိမ်နေသည်ဟု ရောင်းချနေသူများထံမှ သိရသည်။

အခြေခံစားကုန်များအပြင် ထိုင်းမှ တင်သွင်းသော အစားအသောက်များ ဈေးနှုန်းတက်ခဲ့ပြီး  အခြားစားသောက်ကုန် ရောင်းချသူများကလည်း အရောင်းအ၀ယ်အေးနေသည်ဟု ဆိုသည်။

ပုဇွန်တောင်ဈေးအနီးတွင် သရက်သီးရောင်းချသူ ကိုဇင်မျိုးက "အခက်အခဲကတော့ အကုန်လုံးလိုလိုနီးပါးပဲ ရောင်းလို့ မကောင်းဘူး။ မနေ့ကဆိုရင် အားလုံးငုတ်တုတ်ပဲ။ တစ်ဆိုင်မှမရောင်းရဘူး။ ပစ္စည်းတစ်ခုကို လာရင် ၁ ရက်၊ ၂ ရက်နဲ့ကုန်တယ်။ ကုန်ဈေးနှုန်းတက်တော့ ၀ယ်တဲ့လူတွေက မ၀ယ်နိုင်၊ မ၀ယ်နိုင်တော့ ၃ ၊ ၄ ရက်နဲ့ ပုပ်ပါလေရော။ အမြတ်မကျန်တော့ လူတွေ တော်တော်များများ ဒုက္ခရောက်ကြတယ်။ တစ်ဦးတစ်ယောက် မဟုတ်ဘူး။ လမ်းဘေးဈေးသည် တော်တော်များများ ဒုက္ခရောက်ကြတယ်" ဟု  သူက ပြောသည်။

ထိုင်းနိုင်ငံမှတင်သွင်းလာသည့် စားသောက်ကုန်ပစ္စည်းများမှာလည်း ဈေးမြင့်တက်နေပြီး စင်ကာပူမှ တင်သွင်းသည့် နို့ဆီ တစ်ဗူးလျှင် ကျပ် ၃၀ ခန့် တက်နေသည်ဟု ညောင်ပင်လေးဈေးမှ ကုန်ပစ္စည်းမျိုးစုံရောင်းဝယ်ရေးဆိုင်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် ပုဇွန်တောင်ဈေးရှိ ဆေးဆိုင်တစ်ဆိုင်မှ ကုမ္ပဏီမှတင်သွင်းသည့် ပါရာစီတမောကဲ့သို့သော အခြေခံဆေးဝါးများ၏ ဈေးနှုန်းလည်း အများဆုံး ၇ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်ဟု မဇ္ဈိမမှ စုံစမ်းသိရှိရသည်။