ဟောလိဝုဒ်ဒါရိုက်တာ ပီတာဝဲလ် ကမ္ဘောဒီးယားတရားရုံးတွင် သက်သေထွက်ဆို

.

သြဂုတ် ၁၇ ။           ။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကမ္ဘောဒီးယားတရားရုံးမှာ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ကို အမှုစစ်နေချိန်မှာ ဟောလိဝုဒ်ဒါရိုက်တာ ပီတာဝဲလ် ရောက်လာပြီး သက်သေထွက်ဆိုသွားခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားအစိုးရရဲ့ ပြိုင်ဘက်ပါတီ သိမ်းပိုက်ထားတဲ့ နယ်မြေမှာ Drone မောင်းသူမဲ့လေယာဉ် လွှတ်တင်ခဲ့တဲ့အတွက် ရုပ်ရှင်ထုတ်လုပ်သူ ဂျိမ်းစ်ရစ်ကက်ဆန်ကို ၂၀၁၇ ခုနှစ်၊ ဇွန်လမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖနွမ်းပင် ဒေသန္ထရတရားရုံးမှာ အသက် ၆၉ နှစ်အရွယ်၊ သြစတြေးလျနိုင်ငံသား  ဂျိမ်းစ်ရစ်ကက်ဆန်ကို စစ်မေးနေချိန်မှာ ဟောလိဝုဒ်ဒါရိုက်တာ ပီတာဝဲလ်ရောက်လာပြီး သက်သေထွက်ဆိုခဲ့တာဖြစ်ပါတယ်။

အော်စကာဆုစာရင်းဝင်ခဲ့တဲ့ ဒါရိုက်တာ ပီတာကတော့ ဂျိမ်းစ်ကျောင်းတက်ချိန်ကတည်းက သိခဲ့ကြောင်း၊ ၄င်းရဲ့ တပည့်ဖြစ်ခဲ့ကြောင်းပြောပြီး ရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်စရာအကြောင်းမရှိဘူးလို့ ဆိုပါတယ်။

“ဂျိမ်းစ်က သူ့ဘာသာသူ ကင်မရာတစ်လုံးနဲ့ လျှောက်ရိုက်နေတာ။ ကျွန်တော်တို့က ထူးဆန်းပေမယ့် ဘယ်သူ့ကိုမှ အန္ထရာယ်မပေးဘူး။”လို့ ပီတာက ပြောခဲ့ပါတယ်။

ဂျိမ်းစ်ရဲ့ အယူခံဝင်မှုကို တရားရုံးက ပယ်ချလိုက်ပြီး လာမယ့် သြဂုတ်လ၊ ၂၀ ရက်မှာ အမှုပြန်စစ်ဖို့ ရက်ချိန်းပေးလိုက်တယ်လို့ သိရပါတယ်။

“:မျက်မြင်သက်သေလည်းမရှိ၊ တရားခံလည်းမရှိ၊ ပြစ်မှုလည်း မမြောက်ဘူး။ ကျွန်တော်ကတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်။”လို့ ဂျိမ်းစ်က ပြောပါတယ်။