ဇော်ဂျီဖောင့်ဖယ်ရှားရေးနှင့် အမုန်းတရားပြန့်ပွားမှုတားဆီးရေး ဖေ့ဘွတ်ခ်လုပ်ဆောင်နေ

.

သြဂုတ် ၁၇ ။          ။ လက်ရှိအချိန် မြန်မာနိုင်ငံမှာ တွေ့ကြုံနေတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ Zawgyi-Unicode ဖောင့် ပြဿနာကို ဖြေရှင်းနိုင်ဖို့ လုပ်နေတယ်လို့ ဖေ့ဘွတ်ခ်က သြဂုတ်လ ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။

Unicode ကတော့ ကမ္ဘာလုံးဆိုင်ရာ စံသတ်မှတ်ချက် ဖြစ်တယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာကတော့ စမတ်ဖုန်း ၉၀ ရာခိုင်နှုန်းကျော်လောက်မှာက Zawgyi ဖောင့် ကို သုံးထားတဲ့အတွက် အခက်တွေ့နေရတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် Zawgyi ဖုန်းတွေ သုံးသူတွေအနေနဲ့ Unicode နဲ့ ရေးထားတဲ့ ၀က်ဘ်ဆိုက်တွေ၊ ပို့စ်တွေ ဒါမှမဟုတ် Facebook Help Centre လမ်းညွှန်ချက်တွေကို ဖတ်လို့မရနိုင်တဲ့အနေအထား ဖြစ်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာလည်း Unicode ကို ပြောင်းသုံးဖို့ လုပ်ဆောင်နေတဲ့ကာလမှာ Facebook ဘက်ကတော့ Zawgyi ကို ဖယ်ရှားတဲ့အပိုင်းမှာ ကူညီဆောင်ရွက်နေသလို Facebook Users သစ်တွေ အတွက် ရွေးချယ်စရာတစ်ခုအဖြစ် အဆင်ပြေစေအောင် လုပ်နေတယ်လို့ ဆိုပါတယ်။

ခုလို လုပ်ဆောင်တာက လူတွေရဲ့ ပို့စ်တွေ ထိခိုက်နိုင်ဖို့ မရှိစေဘဲ သူတို့တွေ Facebook ပေါ်က buttons တွေ၊ လမ်းညွှန်ချက်တွေနဲ့ တင်ဆက်မှု tools တွေ မြင်တွေ့ရတဲ့အပိုင်းမှာ စံသတ်မှတ်ချက်နဲ ပိုကိုက်ညီသွားစေမယ် လို့လည်း ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ အမုန်းစကားနဲ့ သတင်းမှား ဖြန့်ဝေပြန့်နှံ့နေမှုတွေကို တိုက်ဖျက်ဖို့  အားထုတ်ကြိုးပမ်းမှုအသစ် တွေ လုပ်ဆောင်နေကြောင်း Facebook ကုမ္ပဏီက ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်လို့ ပိုကောင်းကောင်း နားလည်ဖို့ Facebook က တာဝန်ရှိ အမှုထမ်း တွေ မြန်မာနိုင်ငံဆီ လာရောက်လေ့လာခဲ့တယ်လို့ ယင်းကုမ္ပဏီရဲ့ ဘလော့ဂ်ပို့စ် မှာ ပြောထားပါတယ်။

ဒါ့အပြင် Facebook ပေါ် ရောက်လာတဲ့ အကြောင်းအရာတွေကို စောင့်ကြည့်သုံးသပ်ဖို့ မြန်မာဘာသာစကား ကျွမ်းကျင်သူ အယောက် ၆၀ ကျော်ကို ခန့်ထားကြောင်းနဲ့ ယခုနှစ် ကုန်မတိုင်ခင် အယောက် ၁၀၀ အထိ ထပ်တိုးခန့်ထားဦးမယ်လို့ Facebook က ပြောပါတယ်။

အလားတူ နိုင်ငံမှာ အမုန်းတရား ပြန့်ဝေမှုတွေကို ထိန်းချုပ်တိုက်ဖျက်ဖို့အတွက် Artificial Intelligence (AI) နည်းပညာ သုံးပြီး လုပ်ဆောင်နေလျက်ရှိကြောင်း Facebook က ပြောသွားပါသေးတယ်။ အဆိုပါ AI နည်းပညာကို ပိုမို တိုးတက်စွာနဲ့ အသုံးချနိုင်ဖို့အတွက် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေကြောင်း လည်း Facebook က ပြောသွားပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ Facebook ပေါ်မှာ content တွေကို သတင်းပို့ရာမှာ အသုံးပြုသူတွေ ပိုမို အဆင်ပြေ လွယ်ကူစေဖို့ကိုလည်း လုပ်ဆောင်နေကြောင်း ပြောပါတယ်။