လူထုထောက်ခံမှုနှင့် ပူးပေါင်း ပါဝင်မှု အထူးလိုအပ်သည့် အထူးစီးပွားရေးဇုန်

လူထုထောက်ခံမှုနှင့် ပူးပေါင်း ပါဝင်မှု အထူးလိုအပ်သည့် အထူးစီးပွားရေးဇုန်
ထားဝယ်အထူးစီးပွားရေးဇုံမြေပုံ (ဓာတ်ပုံ-သိင်္ဂီထွန်း)

အထူးစီးပွားရေးဇုန်များ အောင်မြင်ရေးအတွက် လူထုထောက်ခံမှုနှင့် ပူးပေါင်းပါဝင်မှု အထူးလိုအပ်သဖြင့် နိုင်ငံနှင့် ဒေသခံပြည်သူများအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရန် အထူးအရေးကြီးသည်ဟု ဒုတိယသမ္မတ ဦးဉာဏ်ထွန်းကပြောသည်။ စက်တင်ဘာ ၃ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။ တစ်ဦးချင်းအကျိုးစီးပွား၊ ကုမ္ပဏီများ၏ အကျိုးစီးပွားထက် နိုင်ငံနှင့် ပြည်သူလူထုအကျိုးစီးပွားကို ဦးထိပ်ထားပြီး စိတ်ရင်းစေတနာကောင်းဖြင့် အားလုံးဝိုင်းဝန်းကြိုးပမ်းသွားကြရန်လည်း ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးဉာဏ်ထွန်းက တိုက်တွန်းသွားသည်။ မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်များအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူတို့အနက် ထားဝယ်အထူးစီးပွားရေးဇုန်သည် ဧက ငါးသောင်းခန့် ကျယ်ဝန်းသဖြင့် ကနဦးလုပ်ငန်းနှင့် ပင်မလုပ်ငန်းဟူ၍ နှစ်ပိုင်းခွဲထားပြီး ကနဦးကို ဦးစွာအကောင်ထည်ဖော်နေသည်။ လက်ရှိအချိန်တွင် တန်ချိန် တစ်သောင်းခွဲခန့်ရှိသည့် သင်္ဘောများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းငယ်တစ်ခု တည်ဆောက် ပြီးဖြစ်ကာ ကုန်လှောင်ရုံများ၊ ဆိပ်ကမ်းအဝင်အထွက် သောင်တူးလုပ်ငန်းများ ဆောင်ရွက်ရန်သာကျန်ရှိသည်ဟု သြဂုတ် ၂၈ ရက် နိုင်ငံပိုင်သတင်းစာမှ ဖတ်ရသည်။ အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ်သို့ ဆက်သွယ်မည့် မိုင် ၉၀ ခန့်ရှိ နှစ်လမ်းသွားကားလမ်းကိုလည်း စတင်ဆောင်ရွက်တော့မည်။ ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသတွင် တည်ရှိသည့် 'ထားဝယ်အထူးစီးပွားရေးဇုန်' ၏ ကနဦးစက်မှုဇုန်အဖြစ် မြေနေရာ ဧက ၇၅၀၀ ခန့်တွင် အပိုင်းလိုက်တည်ဆောက်နေသည်။ 'ထားဝယ်အထူးစီပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်ထည်ဖော်ခြင်းဆိုင်ရာ လေးကြိမ်မြောက် မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့်ကော်မတီအစည်းအဝေး' ၌ ဦးဉာဏ်ထွန်းက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်ပေါင်း သုံးသိန်းခန့် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို ရရှိနိုင်မည်ဟုပြောဆိုထားသည်။ မြန်မာနှင့် ထိုင်းနိုင်ငံအပြင် အခြားရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်ခဲ့သည့်အတွက် ဂျပန်နိုင်ငံ၌ ကျင်းပခဲ့သော (၇) ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်လျက် ထားဝယ်အထူးစီးပွားရေးဇုန်အား မြန်မာ-ထိုင်း-ဂျပန် ပူးပေါင်းအကောင်အထည်ဖော်ရေး MOI ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဟန်စိန် (ပို့ဆောင်ရေး ဒု-ဝန်ကြီး) က နေပြည်တော်၌ ကျင်းပသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အစည်းအဝေး၌ တင်ပြသည်။ ကနဦးစီမံကိန်းလုပ်ငန်းများ လုပ်ကိုင်ခွင့် သဘောတူညီချက်များကို 'ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေး မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့်ကော်မတီ စတုတ္ထအကြိမ်အစည်းအဝေး' ၌ လက်မှတ်ရေးထိုးခဲ့ ကြသည်ဟုလည်း သိရသည်။ ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဟန်စိန်သည် သြဂုတ်လနောက်ဆုံးရက်ပတ်အတွင်းက နဘူးလယ်ဒေသရှိ ကနဦးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သေးကြောင်း စက်တင်ဘာ ၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။ ပန်းတင်အင်းချောင်းအတွင်း ဆိပ်ကမ်းငယ်တည်ဆောက်ထားမှုအခြေအနေ၊ ဘဝါကျောက်ထုတ်လုပ်ငန်းများ ဆောင်ရွက်မည့်နေရာ၊ စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် ရွာသားများအား ပြန်လည်နေရာချထားမည့် အိမ်ရာစီမံကိန်း တည်ဆောက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ထို့ပြင် စီမံကိန်းဇုန်အတွင်း အီတာလျံ-ထိုင်းကုမ္ပဏီမှ ဆောင်ရွက်နေသော အလုပ်သမားများနေထိုင်ရန် ငါးထပ် အဆောက်အအုံ တည်ဆောက်နေမှု၊ ပထမအဆင့် မြေနေရာပြင်ဆင်နေမှု၊ ကွန်ကရစ်လုပ်ငန်းများ ကြိုတင် ဆောင်ရွက်နေမှုများကိုလည်း လှည့်ပတ်ကြည့်ရှုခဲ့သည်။ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် အီတာလျံထိုင်းနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့အကြား သဘောတူစာချုပ်အား သြဂုတ် ၅ ရက်တွင် လက်မှတ်ထိုးပြီးနောက် အီတာလျံထိုင်းက စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။ ထားဝယ်စက်မှုဇုန်တွင် ကန်ဒေါ်လာ သန်း ၅၀၀ ကုန်ကျမည့် သဘာဝဓာတ်ငွေ့အား အရည်အဖြစ် ပြောင်းလဲမည့် စက်ရုံတစ်ခု တည်ဆောက်ရန်လည်း အီတာလျံထိုင်း ကုမ္ပဏီနှင့် မြန်မာအစိုးရတို့အကြား သြဂုတ် ၇ ရက်က ပြောဆိုကြ သေးသည်ဟု ရိုက်တာသတင်းတပုဒ်က ရေးသည်။ ကနဦးစီမံကိန်းလုပ်ငန်းများတွင် စက်မှုဇုန်လုပ်ငန်းများ၊ ကနဦး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ယာယီဓာတ်အားပေး လုပ်ငန်း၊ ကနဦးမြို့ပြစီမံကိန်းလုပ်ငန်း၊ ဆပ်ကမ်းငယ်လုပ်ငန်း၊ ရေပေးဝေရေးအတွက် ရေလှောင်တမံ၊ မြန်မာ-ထိုင်း နယ်စပ်ဆက်သွယ်မည့် နှစ်လမ်းသွားကားလမ်းနှင့် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ဆောင်ရွက်ခြင်းတို့ပါဝင်မည်။ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အစည်းအဝေးကို စက်တင်ဘာ ၃ ရက်နေ့က နေပြည်တော်၌ ကျင်းပရာတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အထူးစီးပွားရေးဇုန်များသည် နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပပို့ကုန်များ တိုးတက်မြင့်မားမှုတို့အတွက်လည်း အထောက်အကူပြုနိုင်ရမည်ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly