မိုရန်ဒီတံတား ပြိုကျမှုကြောင့် စီးရီးအေ အဖွင့်ပွဲစဉ်မှ အေစီမီလန်-ဂျီနိုအာ၊ ဆမ်ဒိုးရီးယား-ဖီအိုရင်တီးနားပွဲများ ရွှေ့ဆိုင်း

.

(ဓာတ်ပုံ - အီးပီအေ)

အီတလီနိုင်ငံ၊ ဂျီနိုအာမြို့ရှိ မိုရန်ဒီတံတား ပြိုကျခဲ့အပြီး အနည်းဆုံး လူ ၃၈ ဦး သေဆုံးခဲ့မှုကြောင့် ယခုတစ်ပတ်စတင်မယ့် စီးရီးအေ ရာသီအဖွင့်ပွဲစဉ်များထဲမှ အေစီမီလန်-ဂျီနိုအာပွဲနဲ့ ဆမ်ဒိုးရီးယား-ဖီအိုရင်တီးနားပွဲတို့ကို ရွှေ့ဆိုင်းဖို့ စီးရီးအေ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပါတယ်။

ဂျီနိုအာအသင်းနဲ့ ဖီအိုရင်တီးနားအသင်းတို့ဟာ တနင်္ဂနွေနေ့မှာ ပြိုင်ဘက်အသင်းတွေနဲ့ ပွဲမကစားဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ စီးရီးအေတာဝန်ရှိသူများထံ ပွဲစဉ်ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြပြီး တာဝန်ရှိသူများကလည်း လက်ခံပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် စီးရီးအေက အေစီမီလန်-ဂျီနိုအာပွဲနဲ့ ဆမ်ဒိုးရီးယား-ဖီအိုရင်တီးနားတို့ရဲ့ ပွဲစဉ်တွေကို ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။

ဒီဖြစ်ရပ်ဆိုးအတွက် လာမယ့် စီးရီးအေပွဲစဉ်များမှာ ဝမ်းနည်းကြေကွဲကြောင်း ပြသတဲ့အနေနဲ့ တစ်မိနစ်ငြိမ်သက်သွားဖို့ စီစဉ်ထားပြီး အနက်ရောင် လက်ပတ်ကိုလည်း ဝတ်ဆင်ဖို့ ရှိပါတယ်။

ဂျီနိုအာမြို့မှာ တည်ရှိတဲ့ မော်ရန်ဒီတံတားရဲ့ မီတာ ၁၀၀ ရှည် ပြေးလမ်းကြီးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြိုကျပျက်စီးခဲ့တဲ့အတွက် ကားတွေလည်း မြေပြင်နဲ့ဝင်ဆောင့်ပြီး လူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် ၈ နှစ်၊ ၁၂ နှစ်၊ ၁၃ နှစ် ကလေးသုံးဦး ပါဝင်တယ်လို့ သိရပါတယ်။

ဒီထိခိုက်သေဆုံးမှုထဲမှာတော့ ပြင်သစ်နိုင်ငံသား ၄ ဦး၊ ချီလီ ၃ ဦး၊ ပီရူး ၁ ဦး၊ ကိုလီဘီယာ ၁ ဦးနဲ့ အာဘေးနီးယား ၂ ဦး ပါဝင်ခဲ့ပါတယ်။

Ref; EFE-EPA