MFF Myanmar Futsal League 2018 ပြိုင်ပွဲတွင် လက်ရွေးစင် U-19 အသင်းဝင်ရောက်ယှဉ်ပြိုင်မည်

.

ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊သြဂုတ်လ ၁၆ ။              ။ သြဂုတ်လ ၁၉ ရက်နေ့မှာ စတင်ကျင်းပမယ့် MFF Myanmar Futsal League 2018 ပြိုင်ပွဲ တွင် မြန်မာ့ လက်ရွေးစင် Futsal U -19 အသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ် ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်း က ပြောသည်။

MFF Myanmar Futsal League 2018 ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၁၆ ရက်နေ့က Goal ဟိုတယ်မှာ ပြုလုပ်ခဲ့သည်။

“လက်ရွေးစင်အသင်းအတွက် အားကိုးအားထားပြုရမဲ့ ကစားသမားအသစ်လေးတွေဟာ လက်ရှိမှာ သိပ်မထွက်ပေါ်လာသေးဘူး။ ဖူဆယ်ကိုယ်ပိုင်ကွင်းရရင်တော့ ဖူဆယ် ကစားသမားမျိုးဆက်သစ်တွေ အများကြီး ထွက်ရှိလာမှာယုံကြည်တယ်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်း က ပြောသည်။

MFF Myanmar Futsal League 2018 ပြိုင်ပွဲတွင် အသင်းပေါင်း ၁၂သင်းပါဝင်မည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ဖူဆယ် U-19 အသင်းလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း MFF Myanmar Futsal League2018 တွင် ချန်ပီယံ ဆွတ်ခူးမည့် အသင်းသည် ၂၀၁၉ ခုနှစ် ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရမည်ဟု သိရသည်။

" အခုသြဂုတ်လ ကနေစတယ်။ ဒီ MFF Myanmar Futsal League က တကယ်တကယ် ပုံမှန်လုပ်နေကျ League ပြိုင်ပွဲတွေက အများဆုံး ၃လ လုပ်တယ်။အခုပါဝင်တဲ့ လက်ရွေးစင် U-19အသင်းက နိုဝင်ဘာလမှာ AFF ပြိုင်ပွဲသွားပြိုင်ရမှာဖြစ်တဲ့အတွက် နည်းပြချုပ်က အောက်တိုဘာလ ကတည်းက ကစားခွင့်မပေးတော့ဘူး။ အဲ့တော့ အောက်တိုဘာ၊ နိုဝင်ဘာ နှစ်လကိုတော့ ပွဲခဏရပ်မယ်။ သြဂုတ်လနဲ့ စက်တင်ဘာလမှာ ကန်မယ်။ ပြီးတော့မှ ဒီဇင်ဘာလ၊ ဇန်န၀ါရီလတွေရောက်မှ ဆက်ပြီး ကျင်းပမှာဖြစ်ပါတယ်။ " ဟု ဦးကြည်မင်းသိန်း က ဆက်ပြောသည်။

MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၉ ရက်နေ့ မနက် ၇နာရီ ၃၀ အချိန်တွင် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏကွင်းတွင် ကျင်းပမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် VUC အသင်းနှင့်GV Althletic အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။