ကစားသမားကို အသင်းကထုတ်ဖို့ ကျွန်တော်ဆုံးဖြတ်တာ

ကစားသမားကို အသင်းကထုတ်ဖို့ ကျွန်တော်ဆုံးဖြတ်တာ

မြန်မာယူ-၁၉အသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်နှင့်တွေ့ဆုံခြင်း

ရဲရင့်ဋ္ဌေးတွေ့ဆုံမေးမြန်းသည်

ပြီးခဲ့တဲ့ အာဆီယံယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲကာလအတွင်းမှာ ကွင်းလယ်ကစားသမား လွင်မင်းသန့်ကို နည်းပြအဖွဲ့ကအသင်းကထုတ်ပြီး ဟိုတယ်အခန်းအပြင်မှာထားခဲ့တာ၊ ထမင်းမကျွေးတာစတဲ့သတင်းတွေ ဟာ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပျံ့နှံ့နေပြီး တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားမှုတွေလဲရှိခဲ့ကြပါတယ်။ အားကစားဂျာနယ်အချို့မှာလည်း ကစားသမားလွင်မင်းသန့်နဲ့အင်တာဗျုးတွေပါလာခဲ့ချိန်မှာ အငြင်းပွားမှုအသံတွေဟာ ပိုမိုကျယ်လောင်လာပြီး ယူ-၁၉နည်းပြအဖွဲ့ကို ပရိသတ်တွေရဲ့ဝေဖန်ပြောဆိုမှုတွေ မြင့်တက်လာနေပါတယ်။ ဒီအခြေအနေတွေကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ဖို့အတွက် mizzima အနေနဲ့ နည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။ ပထမဆုံးသိချင်တာက အခုအပြင်မှာထွက်နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။ ကစားသမားကို အသင်းကထုတ်တာနဲ့ ပတ်သတ်ပြီး ဆိုရှယ်မီဒီယာတွေ ဂျာနယ်တွေမှာ သတင်းတွေက ပျံ့နှံ့နေလို့ပါ။

ဖြေ။ ။ ဒီကစားသမားက နည်းစနစ်၊ ရုပ်ပိုင်းဆိုင်ရာ စတာတွေမှာ မှာတဲ့အတိုင်းလိုက်မကစားဘူး။ ဒါကြောင့် အသင်းကထုတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အသင်းမှာတော့ ဒီအတွက် ပြဿနာမရှိပါဘူး။ ပြီးတော့သူက အထုတ်ခံရတဲ့အချိန်မှာလည်း နည်းပြအဖွဲ့အပေါ် ပမာမခန့်အပြုအမူမျိုးတွေလုပ်ပြခဲ့တယ်။ ဒါကြောင့် ကစားသမားတစ်ယောက်ရသင့်တဲ့ အခွင့်အရေးတွေအားလုံးလည်း သိမ်းခဲ့တယ်။

မေး။ ။ ကစားသမားကို အသင်းကထုတ်ခဲ့တဲ့ဆုံးဖြတ်ချက်ဟာ အရမ်းပြင်းထန်တယ်ဆိုပြီး အပြင်မှာဝေဖန်နေကြတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်လဲ။ ပြစ်ဒဏ်ကပြင်းထန်တယ်လို့ ဝေဖန်နေတဲ့အပေါ်ရော ဘာပြောချင်သလဲ။

ဖြေ။ ။ ဆိုရှယ်မီဒီယာတွေမှာ ပေ့ချ်တွေကိုဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေတည်ထောင်ထားကြ သလဲဆိုတာ ကျွန်တော်မသိဘူး။ တချို့မီဒီယာက အလုပ်လုပ်ပြီး စီးပွားရှာနေသလို၊ တချို့ကတော့ အလုပ်မလုပ်ပဲ သူများမကောင်းကြောင်းပြောနေကြတယ်။ ကစားသမားက ကျွန်တော့်အသင်းမှာ လက်မခံနိုင်တဲ့အမှားလုပ်တယ်။ ဒါကြောင့်အပြစ်ပေးတယ်။ သူကသူ့တိုင်းပြည်အတွက် မပေးဆပ်ချင်ဘူး။ ကျွန်တော့်မှာမြန်မာသွေးမပါဘူး။ ဒါပေမယ့်သူက မြန်မာလေ။ သူ့တိုင်းပြည်အတွက် ပေးဆပ်ရမယ်။ အဖွဲ့ချုပ်က ငွေအကုန်ခံပြီးအသင်းအောင်မြင်ဖို့ လုပ်နေတာ။ ဒါကို ပြင်းထန်တယ်လို့မယူဆပါဘူး။

မေး။ ။ လက်ရှိဖြစ်နေတဲ့ ပြဿနာမှာ ဆုံးဖြတ်ချက်တွေကို လက်ထောက်နည်းပြ ဦးညီညီလတ်ချမှတ်တာ ဆိုပြီး သတင်းထွက်နေတယ်။ သူ့ကိုလည်း ကစားသမားကိုယ်တိုင်က အပြစ်တင်ထားတယ်။ ခင်ဗျားဘက်က ရှင်းလင်းပြောကြားပေးပါဦး။
ဖြေ။ ။ ညီညီလတ်က ကျွန်တော်နဲ့လက်တွဲလာတာ ငါးနှစ်ကျော်ပြီ။ အသင်းက ကစားသမားတွေအခြေအနေနဲ့ ပတ်သက်ပြီး အသင်းဆရာဝန်၊ လက်ထောက်နည်းပြ၊ ဂိုးနည်းပြတွေနဲ့ အမြဲဆွေးနွေးတိုင်ပင်ပေမယ့် အဓိက ဆုံးဖြတ်ချက်ကို ကျွန်တော်ပဲလုပ်တယ်။ ညီညီလတ်က ကျွန်တော်မှာထားတာကလွဲပြီး ဘယ်တော့မှ ပိုမလုပ်တတ်ဘူး။ အခုကိစ္စမှာ ဆုံးဖြတ်ချက်ကို ကျွန်တော်တစ်ယောက်ထဲ ချတာပါ။

မေး။ ။ ခင်ဗျားကိုင်ခဲ့တဲ့ အရင်အသင်းတွေနဲ့အခုအသင်းက ကစားသမားတွေအကြားမှာ ဘယ်လိုကွာဟချက်မျိုးတွေရှိသလဲ။
ဖြေ။ ။ ဒီအသင်းက ကစားသမားတွေက ဘောလုံးသင်တန်းကျောင်းတွေ၊ လူငယ်ကလပ်အသင်းတွေကနေလာ ကြတာ။ ဒါပေမယ့် ကျွန်တော်တို့လေ့ကျင့်တော့ ဘောလုံးအခြေခံကအစပြန်သင်ပေးနေရတယ်။ ထိုင်းတို့ မလေးရှားတို့မှာဆိုရင် ဘောလုံးသင်တန်းကျောင်းတွေ ကနေလိဂ်ကို ဝင်ကစားနိုင်လောက်တဲ့ ကစားသမားတွေ မွေးထုတ်ပေးနိုင်တယ်။ ဒီမှာတော့ ဘယ်လိုလေ့ကျင့်ကြလဲမသိဘူး။ နောက်ပြီး သူတို့ကို လူရွေးပြီး ငါးပတ်ပဲလေ့ကျင့်ချိန်ရတယ်။ ဒါပေမယ့် ကျွန်တော်ကစားသမားတွေကို ချီးကျုးချင်ပါတယ်။ လာအိုမှာ ဒီအခြေအနေနဲ့ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ် ရရှိအောင် ကစားနိုင်ခဲ့လို့ပါ။ ကျွန်တော်တို့ နိုင်ခဲ့တဲ့ မလေးရှားဆိုရင် ဥရောပနိုင်ငံဖြစ်တဲ့ ချက် မှာ သုံးလလောက်သွားလေ့ကျင့်ထားတဲ့အသင်းပါ။

မေး။ ။ ဒီကစားသမားတွေ၊ ပြင်ဆင်မှုတွေနဲ့ အာရှဖလားခြေစစ်ပွဲအောင်ဖို့ရော မျှော်လင့်နိုင်ပါ့မလား။
ဖြေ။ ။ အုပ်စုတွင်းမှာ တီမော၊ ဘရူနိုင်း၊ ဟောင်ကောင်အသင်းတွေက အားနည်းမယ်ထင်တယ်။ ဟောင်ကောင်အကြောင်းကို ကျွန်တော်တို့မသိဘူး။ တီမောနဲ့ဘရူနိုင်းအကြောင်းကိုသိတယ်။ ဗီယက်နမ်က တော့ကစားဖူးထားပြီးပြီ။ ကျွန်တော်တို့လေ့ကျင့်ချိန် လေးပတ်လောက်ရှိပါသေးတယ်။ ကစားသမားတွေ ကြံ့ခိုင်မှုတက်အောင် ဆွဲတင်ရမယ်။ ဘောလုံးက ဘာမဆိုဖြစ်နိုင်တော့ ကတိတော့မပေးနိုင်ဘူး။ ဒါပေမယ့် အရှေ့သုံးပွဲမှာ သေချာပေါက် ကိုးမှတ်ရမယ်လို့ပြောနိုင်တယ်။ ဗီယက်နမ်နဲ့ပွဲက အဆုံးအဖြတ်ဖြစ်လာမယ်။

မှတ်ချတ်။ ။ ရက်ပိုင်းအတွင်းမှာပဲ မြန်မာယူ-၁၉အသင်းက အထုတ်ခံခဲ့ရတဲ့ ကွင်းလယ်ကစားသမား လွင်မင်းသန့်နဲ့ တွေ့ဆုံမေးမြန်းမှုကိုလည်း ဖော်ပြပေးပါဦးမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags