ဒေါ်လာဈေးမြင့်တက်ချိန် နိုင်ငံခြားငွေ အရံအင်အားနည်းပါးခြင်းကြောင့် စီးပွားရေးကျဆင်းလာနိုင်

.

သြဂုတ် ၁၅။ ။ အမေရိကန်ဒေါ်လာဈေး စံချိန်တင်မြင့်တက်လာချိန်တွင် နိုင်ငံခြားငွေ အရံအင်အားနည်းပါးခြင်း ကြောင့် ပြည်တွင်းစီးပွားရေး ခံနိုင်ရည်မရှိဘဲ အကျပိုနာနိုင်ကြောင်း မြန်မာ့မော်တော် ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း ကပြောသည်။

ပြည်တွင်း၌ အမေရိကန်ဒ်ါလာနှင့် မြန်မာကျပ်ငွေ လဲလှယ်မှုမှာ ယခုရက်ပိုင်းအတွင်း စံချိန်တင်မြင့်တက်လာခဲ့ ပြီး ဆက်လက်မြင့်တက်လာနိုင်ခြင်း ရှိ၊ မရှိကို ခန့်မှန်းရန်ခက်ခဲကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ် သည်။

"ငွေရအောင်လုပ်တဲ့နည်းလမ်း အားလုံးကို လုပ်ဖို့လိုတာပေါ့နော်။ ဆုံးဖြတ်ချက်တွေလည်း မကြန့်ကြာအောင် လုပ် နိုင်ရင်တော့ ပိုကောင်းတယ်ပေါ့နော်။ ပြောရမယ်ဆိုရင် အထိနာတာပေါ့။ ကျွန်တော်တို့က တရုတ်တို့ ထိုင်းတို့လို ကျန်တဲ့တိုင်းပြည်တွေနဲ့ မတူဘူး။ ဟိုမှာက သူတို့မှာရှိတဲ့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံတယ်။ နိုင်ငံခြားငွေက တရုတ်ဆိုရင် ထရီလီယံနဲ့ချီပြီး ဘီလီယံတောင်မဟုတ်ဘူး ရှိတယ်။ သူတို့အတွက်က အရံကရှိပြီးသားပေါ့။ ကျွန် တော်တို့ ကျတော့နဂိုတည်းက အသက်ကငင်နေတာပေါ့နော်။ သူတို့လိုခံနိုင်ရည်မရှိဘူး။ အကျပိုနာနိုင်တယ်။ သတိထားဖို့လိုတယ်" ဟု ဒေါက်တာစိုးထွန်းကပြောသည်

လက်ရှိအချိန်တွင် အမေရိကန်ဒ်ါလာနှင့် မြန်မာကျပ်ငွေလဲလှယ်မှုနှုန်းများမှာ အချိန်နှင့်အမျှမြင့်တက်ပြောင်းလဲ နေပြီး ဈေးကွက်အတွင်း ပုံမှန်ရှိရမည့် ပေါက်ဈေးထက်ကျော်လွန်နေကြောင်း နိုင်ငံခြားငွေများဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ဖြင့် လုပ်ကိုင်နေသည့် (Money Changer) တစ်ချို့ထံမှ သိရသည်။

နိုင်ငံခြားငွေရောင်းဝယ်ရာတွင် ဗဟိုဘဏ်၏ သတ်မှတ်ချက်ဘောင်အတွင်း ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့ခြင်း အား ပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ခဲ့သည်။ အဆိုပါ ထုတ်ပြန်ခြင်းသည် ဗဟိုဘဏ်ဥက္ကဋ္ဌရာထူးကို ယခင်ဗဟိုဘဏ် ဥက္ကဋ္ဌအဟောင်း ဦးကျော်ကျော်မောင်ကို ပြန်လည်ခန့်အပ်ခဲ့ပြီး နောက်ပိုင်း ၂ ပတ်အကြာတွင် ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းထုတ်ပြန်ချက် ထွက်လာပြီးနောက်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းများမှာ ၁၄၉၀ကျပ် ၀န်းကျင်မှ ၁၅၀၀ကျပ် နီးပါးအထိ ဈေးနှုန်းပြောင်းလဲလာခဲ့သည်။

"ပိုတော့ခက်လာလိမ့်မယ်။ တစ်ခါတစ်လေလည်း ပရမ်းပတာ ဖြစ်ပြီးတော့ ရောင်းချင်သလိုရောင်းဝယ်ချင်သလို ၀ယ်နေတယ်နဲ့တူတာပဲ။ Market အတိုင်းကို လွှတ်ပေးလိုက်တဲ့သဘော ရှိကောင်းရှိနိုင်ပါတယ်။ အရင်တုန်းက တော့ ထိန်းခဲ့တယ်။ အခုကျတော့ သူ Market ကိုမနိုင်တဲ့ ပုံစံမျိုးဖြစ်ပြီးတော့ သူလည်း သိက္ခာမကျချင်လို့နဲ့ တူပါတယ်" ဟု ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး ကပြော သည်။

သြဂုတ်လ ၁၅ရက်နေ့ နေ့လယ်ပိုင်းတွင် ပြည်တွင်းငွေကြေးဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာကို မြန်မာ ကျပ်ငွေ ၁၅၁၀ကျပ်ဝန်းကျင်အထိ ဈေးနှုန်းဖြစ်ပေါ်နေကြောင်း သိရသည်။