ဖားကန့်မှော်အနီးရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို ရှင်းလင်းရေးများ ဆောင်ရွက်

.

ဩဂုတ် ၁၅၊ ဖားကန့် ။           ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မှော်များအနီးရှိကျေးရွာများတွင် တဲများဖြင့် နံဘတ်ဖိုးထိုးသူ၊ရာမရှုသူ ရောင်းချသူများသည် ရွာအတွင်းနှင့် ရွာအနီးပတ်ဝန်းကျင်၌ စည်ကားနေသဖြင့် အဖွဲ့အစည်းများ စုပေါင်း၍ ရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

ရွာအတွင်းနှင့် ရွာအနီးနား ပတ်ဝန်းကျင်တွင် မူယစ်ဆေးသုံးစွဲသူများ မရှိရေး၊ ခိုးဆိုးလုယက်မှုများနှင့် အခြားမှုခင်းများ မဖြစ်ပွားစေရေးအတွက် ကျေးရွာလူငယ်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့များ ဘာသာရေးအသင်းအဖွဲ့များ စုပေါင်း၍ လုပ်ဆောင်နေကြောင်း လုံးခင်းကျေးရွာအုပ်စု မှော်စီစာ ကျေးရွာမှ ကိုဖိုးခွားမှ ဆိုသည်။

" ရွာတိုင်းလိုလို မှော်တိုင်းလိုလိုမှာ မူးယစ်ဆေးသုံးနေတဲ့ သူတွေက ရှိတယ်။ အကိုတို့လုပ်နိုင်တာက ကိုယ့်ရွာနဲ့ ရွာအနီးနားကို လာမသုံးဖို့ပဲ လုပ်နိုင်မယ်။ ဖမ်းစီးတာတော့ အကိုတို့အလုပ်မဟုတ်ဘူး။ အခုလိုလုပ်တဲ့နေရမှာ လူအင်အားလိုတယ်။ ဘာလို့လဲဆိုတော့ ဆေးသမား ၁၀ ယောက်မှာ ၇ လောက်က လက်နက်ပါတယ်။ အဓိကဓားပေါ့။ ရောင်းတဲ့သူတချို့မှာဆိုရင် သေနတ်တောင်ပါမယ် ထင်တယ်။ အဲဒါကြောင့် လူအင်အားကတော့ လိုတယ် " ကိုဖိုးခွားမှ ပြောသည်။

မူးယစ်အများဆုံး သုံးစွဲနိုင်သည့် နေရာများနှင့် လမ်းများကို လှည့်ကင်းများလှည့်ခြင်း၊ ကင်းစောင့်ခြင်းများ ပြုလုပ် နေပြီး ရှင်းလင်းရေး ဆောင်ရွက်သည့်အခါ ဆေးထိုးအပ်များနှင့် မူးယစ်ဆေး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများ တွေ့ရှိရကြောင်း သိရသည်။

" ရှင်းလင်းရေး လုပ်ဆောင်တဲ့အခါ တစ်ရွာနဲ့ တစ်ရွာ ပူးပေါင်းပါဝင်မှုက အရမ်းအားနည်းတယ် ။ တချို့က အမုန်းမခံချင်ကြဘူး။ တချို့ကလည်း ကိုယ်နဲ့မဆိုင်သလိုနေတယ်။ စစချင်း လုပ်တုန်းက လူအင်အား ၁၅ ယောက်လောက်ရှိတယ်။ အခု ၁၀ ယောက်လောက်ပဲရှိတော့တယ်။ ကျွန်တော်တို့ အဖွဲ့ထဲ ရေမဆေးရှာတဲ့ ကျောက်ပွဲစားအငယ်တွေဆိုတော့ အားတဲ့အချိန်ကို လာပြီး ဒီဟာကို လုပ်ရတာပေါ့။ အလုပ်ကတော့ မပျက်ပါဘူး။ ဒီမှာ လာစောင့်တဲ့ သူတွေကိုလဲ ထမင်းကျွေးရတာဆိုတော့ လောပန်းကြီးတွေ ၅ သောင်း တစ်သိန်း လှူကြပါတယ် " ဟု မှော်စီစာကျေးရွာမှ ကိုဂျိန်းက ပြောသည်။

ယင်းသို့ ကျေးရွာအတွင်းနှင့် ကျေးရွာအနီး မူးယစ်ဆေးသုံးစွဲသူများကို ရှင်းလင်းခြင်းကို ဩဂုတ်လဆန်းပိုင်းက စတင်လုပ်ဆောင်ခဲ့ပြီး ၁၄ ရက်နေ့က မှော်ပုံကြူး၊ ကျော်တောင်ကုန်း ဖိုးခန်းများ မီးရှို့ဖျက်ဆီးခြင်းများကို လုံးခင်းရဲတပ်ဖွဲ့၊ဆန်ခါ၊မှော်ပုံ၊ အုပ်ချုပ်ရေးအဖွဲ့ ၊ရပ်မိရပ်ဖ ၊မီးသတ်များနှင့် စုပေါင်းရှင်းခဲ့ကြောင်း သိရသည်။