NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

နိုင်ငံခြားငွေ လွတ်လပ်စွာရောင်းဝယ်ခွင့်သည် ဈေးကွက်ကို လွှတ်လိုက်ခြင်းဟု ဆို

.

ဓာတ်ပုံ-အေးချမ်းခိုင်
 

ရန်ကုန်၊ သြဂုတ် ၁၄ ။           ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားငွေရောင်းဝယ်မှုကို သတ်မှတ်ချက်ကို ပယ်ဖျက်ပေးလိုက်ခြင်းသည် ဗဟိုဘဏ်အနေဖြင့် ဈေးကွက်ကို လွှတ်ပေးလိုက်သည့်သဘော ဖြစ်နိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက သုံးသပ်သည်။

"ပိုတော့ ခက်လာလိမ့်မယ်လို့ အန်ကယ်တို့တော့ မြင်တယ်။ တစ်ခါတစ်လေလည်း ပရမ်းပတာဖြစ်ပြီးတော့ ရောင်းချင်သလို ရောင်းဝယ်ချင်သလို ၀ယ်နေတယ်နဲ့ တူတာပဲ။ ဈေးကွက်အတိုင်းကို လွှတ်ပေးလိုက်တဲ့ သဘော ရှိကောင်းရှိနိုင်တယ်။ အခုက သူ ဈေးကွက်ကို မနိုင်တဲ့ပုံစံမျိုးဖြစ်ပြီးတော့ သူလည်း သိက္ခာမကျ စေချင်တာနဲ့ တူပါတယ်" ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။

သြဂုတ်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် ၂၀၁၂ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနူန်း + ၀.၈ ရာခိုင်နူန်း နှင့် - ၀.၈ ရာခိုင်နူန်းအတွင်း ရောင်းဝယ်ခြင်းဆောင်ရွက်ရန် ညွှန်ကြားချက်ကို ပယ်ဖျက်လိုက် ကြောင်း ဗဟိုဘဏ်မှ ရုတ်တရက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနူန်းပယ်ဖျက်ကြောင်း ညွန်ကြားချက် ထုတ်ပြန်ပြီးနောက် သြဂုတ် လ ၁၃ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အတွင်း အမေရိကန်ဒေါ်လာမှာ ၁၄၄၅ ကျပ်မှ ၁၄၆၀ ကျပ်၊ ယူရို ၁၆၄၄.၆ ကျပ်မှ ၁၆၆၅.၂ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၅၀.၉ ကျပ်မှ ၁၀၆၁ ကျပ် ရှိနေသည်ကို ဗဟိုဘဏ်၏ ၀က်ဘ်ဆိုက်မှ သိရသည်။

မြန်မာနိုင်ငံ၏ ဈေးကွက်အနေအထားမှာ မရင့်ကျက်သေး၍ ပရမ်းပတာဖြစ်လာမည်ကို စိုးရိမ်မိကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင် က ပြောသည်။

"သူက Supply and Demand အရပဲ လုပ်ကြတော့ဆိုတဲ့သဘောပေါ့။ ဒါပေမယ့် တစ်ခုသတိထားဖို့က ဈေးကွက်က မရင့်ကျက်သေးဘူး ။ အဲဒါ ပရမ်းပတာဖြစ်မှာပဲစိုးတာ ဒါကတစ်ခု။ ရည်ရွယ်ချက်တော့ ကောင်းပါတယ် ။ ခုနပြောတဲ့ အထိန်းအကွပ်မရှိလို့ ထိန်းကျောင်းမယ့်စနစ်မျိုးမရှိဘူးဆိုရင် နည်းနည်း အန္တရာယ်ရှိတာပေါ့။ ထိန်းကျောင်းမယ့်စနစ် ဘယ်လိုလုပ်မယ်ဆိုတာ ဗဟိုဘဏ်က ထုတ်ပြန်ဖို့လိုတာပေါ့" ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင် က ပြောသည်။

လက်ရှိအချိန်တွင် ဒေါ်လာဈေးအနည်းငယ်ထပ်တက်သွားခဲ့ပြီး ဈေးနှုန်း မမှန်မကန် ရောင်းဝယ်မှုများ ရှိလာပါက မည်သို့ လုပ်ဆောင်မည်ကို အသေးစိတ် မပါရှိပေ။ မြန်မာငွေဈေးသည် ငွေလှဲလှယ်ဈေး ကျပ် ၁၀၀၀ မှ ယခု ၁၅၀၀ နီးပါးသို့ တက်လာပြီးနောက် ယခုကဲ့သို့ သတ်မှတ်ချက်ပယ်ဖျက်ခြင်းသည် မြန်မာဈေးကွက်အပေါ် ရိုက်ခတ်မှုများရှိလာနိုင်သည်။

လက်ရှိချိန်တွင် လုပ်ငန်းရှင်များက ဒေါ်လာဈေးအတက်အကျ အခြေအနေကို စောင့်ကြည့်နေကြကြောင်း ဆိုသည်။

ဗဟိုဘဏ်ဥက္ကဌရာထူးအတွက် လက်ရှိဥက္ကဌဖြစ်သူ ဦးကျော်ကျော်မောင်ကို ဆက်လက်ခန့်ထားဖို့ ဇူလိုင် ၃၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီးနောက် ယခုလို ကြေညာချက် ထွက်ရှိလာခြင်းဖြစ်သည်။  

အသက် ၈၀ အရွယ်ရှိ ဦးကျော်ကျော်မောင်သည် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၃ ခုနှစ်ကတည်းက ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပြီး တပ်မတော်အစိုးရလက်ထက် ၁၉၉၇ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အထိ ဆယ်နှစ်ကြာ ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။