မန္တလေးသေနတ်ပစ်ခတ်မှုတွင် ကျူးလွန်သူမှာတစ်ဦးတည်းဖြစ်ပြီး လုယက်ရန် ပစ်ခတ်ခဲ့ခြင်းဟု ဆို

.

မန္တလေး၊ သြဂုတ် ၁၄ ။        ။ မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် သေနတ်သမားမှာ တစ်ဦးတည်းဖြစ်ပြီး လုယက်ရန် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောသည်။

ယမန်နေ့ သြဂုတ်လ ၁၃ ရက်၊နေ့လည် ၁၂ ခန့်က ချမ်းမြသာစည်မြို့နယ်၊၅၅လမ်း၊နှင်းဆီလမ်းနှင့် ရွာလယ် ကြားတွင် သေနတ် ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစက ကျူးလွန်သူမှာ ၂ ယောက်ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

"သေနတ်ပစ်ခတ်တဲ့သူဟာ ဆိုင်ကယ်နဲ့ နှစ်ယောက် လာတယ်ဆိုတာ မဟုတ်ဘူး။ တစ်ယောက်တည်း လာတာ"ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန် သေဆုံးခဲ့ပြီး ရင်အုံတွင် ဒဏ်ရာရရှိခဲ့သည့် အမျိးသားမှာ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသနေဆဲဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဆိုင်ကယ်ဖြင့် ဘဏ်တစ်ခုမှ ငွေထုတ်ပြန်လာသူနှစ်ဦး၏ လက်ကိုင်အိတ်ကို လုယက်၍ သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ပစ်ခတ်ခံရသူများမှာ မြရည်နန္ဒာရပ်ကွက်အတွင်းတွင် ခေါင်ရည်ဆိုင်ဖွင့်လှစ်ထားသည့် လီလျှီချမ်း(ခ)ဇော်လင်းနှင့် မယွမ်ဖိန်း(ခ)မဟော်လောက်ဖိန်း တို့ဖြစ်ကြောင်းသိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခဲ့သူသည် ပုသိမ်ကြီးမြို့နယ်၊အုန်းချောကျေးရွာတွင် နေထိုင်သူဖြစ်ကာ ပန်းရန်လုပ်ငန်း လုပ်သူ ခွန်ကောလာ(၃၇ )နှစ်ဖြစ်ပြီး ၎င်းထံမှ စပိန်နိုင်ငံလုပ် ပွိုင့် 32 ပစ္စတိုတစ်လက်၊ ပွိုင့် 32 ကျည်နှင့် 9mm ကျည် ၂၂ တောင့်၊ ကျည်ထိပ်ဖူးတစ်ခု၊ ကျည်အိတ်နှစ်ခုတို့သိမ်းဆည်းရမိကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ထံမှ  သိရသည်။

ဖမ်းဆီးရမိထားသည့် သေနတ်သမားကို အောင်ပင်လယ်ရဲစခန်းမှ လက်နက်ဥပဒေပုဒ်မ ၁၉(စ)၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၃၀၂ တို့ဖြင့် အမှုဖွင့်ထားပြီး မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်းသိရသည်။