တောင်ဒဂုံမှ ဗိုလ်တစ်ထောင်အထိ YBS 100 ယာဉ်လိုင်း စတင်ပြေးဆွဲပေးနေ

.

သြဂုတ် ၁၃။          ။ တောင်ဒဂုံမှ ဗိုလ်တစ်ထောင်အထိ ပြေးဆွဲမည့် YBS 100 ယာဉ်လိုင်းကို သြဂုတ်လ ၁၂ရက်မှစတင်ကာ ပြေးဆွဲနေပြီဖြစ်ကြောင်း ဒဂုံမြို့သစ်တောင်ပိုင်း၊ မဲဆန္ဒနယ်၊ အမှတ်(၁)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးညီညီက ပြောသည်။

“YBS 100 အနေနဲ့ စတင်ပြေးဆွဲတဲ့နေရာက ကျီစုသုဿာန်နားကနေစတင်ပြေးဆွဲတာပါ။ အဲဒီနေရာမှာက ပြောရရင် ယာဉ်မရှိဘူး။ တောင်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းကိုခြားထားတဲ့ မင်းရဲကောင်းပုံလမ်းအသစ်ကလည်း ပြီးသွားပြီ။အရင်ကဆိုရင် ပြည်သူတွေက ကားတစ်ခါစီးဖို့အတွက်ကို နာရီဝက်လောက်အချိန်ယူပြီးတော့ မှတ်တိုင်ရှိတဲ့ နေရာကိုသွားရတယ်” ဟု ၎င်းကပြောသည်။

YBS 100သည် ရိုးမရိပ်သာလမ်း-မင်းရဲကောင်းပုံလမ်းဆုံ(ဂိတ်ရင်းမှ) ရာဇဓိရာဇ်လမ်း-ကမ်းနားလမ်းထောင့် (ဂိတ်ဖျား)အထိ ပြေးဆွဲမည်ဖြစ်ပြီး ယာဉ်အစီးရေ ၂၅စီးဖြင့် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း Golden Yangon City Transportation ကုမ္ပဏီက ထုတ်ပြန်သည်။

တောင်ဒဂုံမြို့နယ်တွင် ခရီးသွားပြည်သူများအဆင်ပြေစေရေးအတွက် ယာဉ်လိုင်းများတိုးချဲ့နိုင်ရန် ကြယ်ပွင့်ပြ မေးခွန်း မေးထားပြီး အနည်းဆုံးယာဉ်လိုင်း ၄လိုင်းခန့် တိုးချဲ့ပြေးဆွဲရန်လိုအပ်နေသေးကြောင်း ဦးညီညီက ပြောသည်။