သက်သေတင်သည့်ရုပ်သံဖိုင်ကိုပယ်ဖျက်ရန် တိုင်းတရားရုံးသို့ စူးရှထက်တင်ပြ

.

 

ရန်ကုန် သြဂုတ် ၁၃ ။          ။ အဆိုတော် အစ္စဏီဘက်မှ သက်သေတင်သွင်းထားသည့် ရုပ်သံဖိုင်ကို ပယ်ဖျက်ပေးရန် မော်ဒယ်စူးရှထက်က တိုင်းတရားရုံးသို့ ဆက်လက်တင်ပြထားသောကြောင့် လတ်တလော အမှုစစ်ဆေးနိုင်ခြင်းမရှိဟု အစ္စဏီ၏ ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက ပြောသည်။

သြဂုတ်လ ၁၃ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊တာမွေမြို့နယ် တရားရုံး၌ အဆိုတော်အစ္စဏီ၏ ၁၂ ကြိမ်မြောက်ရုံးထုတ်အပြီးတွင် ဦးကျော်ဇင်ဦးက မီဒီယာများကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

" ဆယ်လီဆဲဗင်းရုပ်သံကို သက်သေသွင်းထားတာကို သူတို့အနေနဲ့ပယ်ဖျက်ပေးဖို့ ခရိုင်ကနေတက်တယ်။ ခရိုင်ကလက်မခံလို့ တိုင်းကိုတစ်ခါ ထပ်တက်တယ်ပေါ့။ အဲဒါနဲ့ပတ်သက်လို့ တိုင်းဒေသကြီးက ယူဆောင် ထားတဲ့အတွက် အခုလတ်တလော ဘာမှမဆောင်ရွက်နိုင်သေးပါဘူး။" ဟု ရှေ့နေ ဦးကျော်ဇင်ဦးက ပြောသည်။

အမှုနှင့်ပတ်သက်၍ ဆယ်လီဆဲဗင်းသတင်းဌာနတွင် ဧပြီလ ၁၃ ရက်နေ့က ဖော်ပြခဲ့သော စူးရှထက်၏ ရုပ်သံအင်တာဗျူးအား သက်သေတင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းသက်သေကို ပယ်ဖျက်ရန်နှင့် တရားရုံးပြောင်းရွှေ့ စစ်ဆေးခွင့် လျှောက်ထားမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ဒုခရိုင်တရားသူကြီး (၁) ဒေါ်ကြူ ကြူဝင်းက ပယ်ချလိုက်ကြောင်း သိရသည်။

လက်ရှိအနေအထားတွင် အဆိုတော်အစ္စဏီသည် ထောင်တွင်း၌ နှလုံးရောဂါခံစားရပြီး မလုံလောက်သည့် ဆေးဝါးဖြင့် ကုသနေရသည်ဟု ရှေ့နေ ဦးကျော်ဇင်ဦးက ဆက်ပြောသည်။

"ကျန်းမာရေးအခြေအနေကတော့ ထောင်ထဲမှာမလုံမလောက်တဲ့ဆေးဝါးနဲ့ပဲ ကုသပြီးတော့ အဆင်ပြေအောင် နေရတယ်ပေါ့နော်။ သူ့နဂိုရောဂါဟောင်းဖြစ်တဲ့ နှလုံးရောဂါချို့ယွင်းချက်ရှိတယ်။ နှလုံးအဆို့ရှင်ကတော့ တော်တော်ကျယ်နေတယ်ပေါ့နော်။" ဟု ရှေ့နေ ဦးကျော်ဇင်ဦးက ပြောသည်။

သြဂုတ်လ ၁၃ ရက်နေ့ကပြုလုပ်သော ၁၂ ကြိမ်မြောက်ရုံးချိန်းတွင် အစ္စဏီအားချုပ်ရက် ရမန်ယူခဲ့ခြင်းဖြစ်ပြီး အမှုစစ်ဆေးခြင်းမရှိသလို တရားလိုဖြစ်သူ စူးရှထက်လည်း လာရောက်ခဲ့ခြင်းမရှိပေ။

လက်ရှိ အမှုအနေအထားမှာ မှုခင်းဆရာဝန်နှင့်တရားလိုကိုသာ စစ်ဆေးနိုင်သေးပြီး တရားလိုပြ သက်သေ ၉ ဦးကို စစ်ဆေးရန်ကျန်ရှိနေသေးကြောင်း အမှုကို လာမည့် သြဂုတ်လ ၂၇ ရက်နေ့တွင် ပြန်လည် ချိန်းဆို ထားကြောင်း သိရသည်။