စပိန်စူပါဖလား သိမ်းပိုက်ပြီး ဘာစီလိုနာ သမိုင်းကြောင်းတစ်လျှောက် ဆုဖလား အများဆုံး ဆွတ်ခူးတဲ့ ကစားသမားဖြစ်လာတဲ့ မက်ဆီ

.

(ဓာတ်ပုံ - Barcelona)

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ တနင်္ဂနွေနေ့က မော်ရိုကိုနိုင်ငံ တန်ဂျီးယားမြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်စူပါဖလားပွဲမှာ ဆီဗီလာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး ဆုဖလားဆွတ်ခူးခဲ့ပြီးနောက် အသင်းခေါင်းဆောင် မက်ဆီဟာလည်း ဘာစီလိုနာ သမိုင်းတစ်လျှောက် ဆုဖလား အများဆုံး သိမ်းပိုက်နိုင်တဲ့ ကစားသမားဖြစ်လာပါတယ်။

ပွဲအစပိုင်း ၉ မိနစ်မှာ ဆီဗီလာအသင်းမှာ ဆာရာဘီယာက ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ဘာစီလိုနာအသင်းဘက်က ပီကေးနဲ့ ဒမ်ဘီလီတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူခဲ့ပါတယ်။ မိနစ် ၉၀ မှာ ဆီဗီလာတို့အတွက် သရေကျနိုင်မယ့် အခွင့်အရေးဖြစ်တဲ့ ပယ်နယ်တီရရှိခဲ့ပေမယ့် ဘာစီလိုနာဂိုးသမား စတီဂျန်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ယခုအပတ်အစောပိုင်းက ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခံရတဲ့ မက်ဆီဟာ ဒီနွေရာသီမှာ ဂျေလိဂ်ဆီ ပြောင်းရွှေ့သွားတဲ့ ဂန္ထဝင်ကစားသမား အင်နီယေစတာရဲ့ ဆုဖလား ၃၂ လုံးကို ကျော်ဖြတ်ပြီး ဆုဖလား ၃၃ လုံးဖြင့် ကလပ်အသင်းရဲ့ ဆုဖလား အများဆုံးရရှိတဲ့ ကစားသမားဖြစ်လာပါတယ်။

“အခုအချိန်မှာ မက်ဆီအနေနဲ့ ဘယ်လိုခံစားနေရမယ်ဆိုတာ ကျနော် မသိပါဘူး။ ဒီလိုကလပ်အသင်းတစ်သင်းနဲ့ ဆုဖလားအများကြီး ရရှိတဲ့ မှတ်တိုင်မျိုး စိုက်ထူသွားမယ့် သူမျိုးကို ပြပါဆိုရင် ဒါဟာ မက်ဆီပဲဖြစ်ပါမယ်။”လို့ ဘာစီလိုနာနည်းပြ ဗယ်ဗာဒီက ပြောပါတယ်။

“ဒါဟာ မယုံနိုင်စရာပါပဲ။ သူက ကလပ်အသင်းမှာ စံချိန်တွေ တင်ရှိထားပါတယ်။ ဒါတွေက ဒီနေရာမှာ ရပ်တန့်သွားမှာ မဟုတ်ပဲ သူဟာ နောက်ထပ်နောက်ထပ် ဆုဖလားတွေ ရရှိသွားအုံးမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”လို့ သူက ပြောပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးရဲ့ ပထမဆုံး ဆွတ်ခူးခဲ့တဲ့ ဖလားဟာ ၂၀၀၄-၀၅ ရာသီက လာလီဂါဖလားဖြစ်ပြီး အဲဒီအချိန်က သူဟာ ဆယ်ကျော်သက်အရွယ်ကစားသမားလေးတစ်ဦးဖြစ်ခဲ့ပါတယ်။

ဒီဆုဖလားဆွတ်ခူးပြီးနောက်မှာတော့ နောက်ထပ် လာလီဂါဖလား ၅ လုံး ရရှိခဲ့ပြီး ကတ်သလန်အသင်းအတွက်၂၀၀၆၊ ၂၀၀၉၊ ၂၀၁၁ နဲ့ ၂၀၁၅ တွေမှာ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။

ဒါ့အပြင် သူဟာ စပိန်ဘုရင့်ဖလား ၆ လုံး၊ စပိန်စူပါဖလား ၇ လုံး၊ ဥရောပစူပါဖလား ၃ လုံးနဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖလား ၃ လုံးတို့ကို သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

ဘာကာအသင်းနဲ့ မက်ဆီရဲ့ အအောင်မြင်ဆုံးနှစ်ကတော့ ၂၀၀၉ ခုနှစ်ဖြစ်ပါတယ်။ အဲဒီအချိန်က ကလပ်အသင်းဟာ တစ်နှစ်အတွင်း စံချိန်တင် ဖလား ၆ လုံး ဆွတ်ခူးခဲ့တာပါ။ ဒါမျိုးကိုတော့ ဘယ်အသင်းကမှ ယခုအချိန်ထိ လိုက်မမှီသေးပါဘူး။

မက်ဆီဟာ ဒီစပိန်စူပါဖလား ဆွတ်ခူးခဲ့တာကြောင့် ဘာစီလိုနာ သမိုင်းကြောင်း တစ်လျှောက် ဆုဖလားအများဆုံး ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီး သူ့ရဲ့နောက်မှာတော့ အင်နီယေစတာက ၃၂ လုံး၊ ပီကေးနဲ့ ဘူးစကွက်စ်က ၂၈ လုံးစီ အသီးသီး ဆွတ်ခူးပေးထားနိုင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်က ကာတာကို ပြောင်းရွှေ့သွားတဲ့ ကလပ်အသင်းရဲ့ ပွဲထွက်အများဆုံးစံချိန်တင်ထားသူ ဇာဗီကလည်း ဖလား ၂၅ လုံး ဆွတ်ခူးထားပါတယ်။

မက်ဆီရဲ့ ဘာစီလိုနာအသင်းနဲ့ ဆွတ်ခူးခဲ့တဲ့ ဆုဖလားများ

လာလီဂါ – ၉ ကြိမ်
ကိုပါဒယ်ရေး – ၆ ကြိမ်
ချန်ပီယံလိဂ် – ၄ ကြိမ်
ကလပ်ကမ္ဘာ့ချန်ပီယံ– ၃ ကြိမ်
ဥရောပ စူပါဖလား – ၃ ကြိမ်
စပိန် စူပါဖလား – ၈ ကြိမ် ဆွတ်ခူးထားနိုင်ပြီးပြီ ဖြစ်ပါတယ်။

Ref; ESPN