တာချီလိတ်တွင် ကျပ်သိန်းပေါင်း ၇၈,၂၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် လူ တစ်ယောက်ဖမ်းဆီးရမိ

.

ဓာတ်ပုံ-မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ သြဂုတ် ၁၂ ။          ။ တာချီလိတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၇၈၂၀၀ သိန်း တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သြဂုတ်လ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၀ ရက်က တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာဘက်မှ တာချီလိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်နှစ်စီးကို စစ်ဆေးရန်ရပ်တန့် ခိုင်းစဉ် နောက်ဘက်သို့ပြန်လည်မောင်းနှင်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့မှ သတိပေးပစ်ခတ်ခဲ့သည်။

မော်တော်ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးမှာ ကျည်ထိမှန်ကျန်ရစ်ခဲ့ပြီး ၎င်း၏ဘေးတွင် စိတ်ကြွရူးသွပ်ဆေးပြားတစ်ထုပ်လျင် ၁၀,၀၀၀ ပြားစီပါ နှစ်ထုပ်(စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား)သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထွက်ပြေးသွားသော မော်တော်ယာဉ်နှစ်စီးကို လိုက်လံဖမ်းဆီးရာ ည ၁၀ နာရီအချိန်တွင် စန်းလု (အောက်)ကျေးရွာအနီး ဂျောပကျေးရွာသွားလမ်း ယာဘက်လျှိုအတွင်း၌ Foturner အမျိုးအစား အနက်ရောင်ယာဉ်မှာ တိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်အတွင်းမှ ဆာလာအိတ်များဖြင့် ထည့်လျက် တစ်အိတ်လျှင် စိတ်ကြွရူးသွပ်ဆေးပြား(၁)သိန်းပြားစီပါ ၂၂ အိတ်၊ စုစုပေါင်းစိတ်ကြွရူးသွပ် ဆေးပြား ၂,၂၀၀,၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ထို့နောက် သြဂုတ် ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ထွက်ပြေးသွားသည့် Revo အဖြူရောင်ယာဉ်ကို စန်းလု(အောက်)ကျေးရွာနှင့် ရင်ခွဲတောင်ကြား လျှိုအတွင်း၌ တွေ့ရှိခဲ့ပြီး ၎င်းမော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်တစ်အိတ်လျှင် စိတ်ကြွရူးသွပ် ဆေးပြား ၁ သိန်း ပြားစီပါ  ၅၆ အိတ်ဖြင့် ဆေးပြား ၅,၆၀၀,၀၀၀ ပြားကို သိမ်းဆည်းရမိခဲ့၍ စုစုပေါင်း ၇၈,၂၀၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အဆိုပါအမှုကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။